ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

အနာဂတ် ပြည်ထောင်စု တပ်မတော်
အခုပြောခဲ့တာတွေက (၂၀၀၈) ဥပဒေဘောင်အတွင်းက အခုဆန္ဒရှိရင် အခုထလုပ်လို့ ရတာတွေကို ပြောခဲ့တာပါ။ ထာဝရ ငြိမ်းချမ်းရေး ဖြစ်ဖို့၊ ခိုင်မာတဲ့ ပြည်ထောင်စု တပ်မတော်ကို ထူထောင်ဖို့ ဆိုရင်တော့ အခြေခံ ဥပဒေကို ပြင်မှ ရမှာပါ။ အဲဒီလို ပြင်ဖို့ ဆိုတာလဲ ပြည်ထောင်စု တပ်မတော်ကို ပြည်သူတွေက ဘယ်လို မြင်ချင်တယ်၊ ဘယ်လိုပုံစံနဲ့ ရှိစေချင်တယ် ဆိုတဲ့ သဘောထားပေါ် မူတည် ပါတယ်။ ပြည်သူ တစ်ဦး၊ တိုင်းရင်းသားတစ်ဦး အနေနဲ့ စာရေးသူ မြင်ချင်တဲ့ တပ်မတော် ပုံစံကို ဒီနေရာမှာ တင်ပြသွားမှာပါ။
ပထမဆုံး ပြည်ထောင်စု အစိုးရလက်အောက် က ဗဟိုတပ် အကြောင်းကို ပြောကြည့်ပါမယ်။ ကြည်း၊ ရေ၊ လေ ကာကွယ်ရေး ဦးစီးချုပ် () ယောက် အထက်မှာ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အရပ်သားသမ္မတက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်ရမှာပါ။ (ပုံမှန်အချိန်မျိုးမှာတော့ သမ္မတက စစ်တပ်ကို တိုက်ရိုက်ကိုင်တွယ်မှာ မဟုတ်ပါဘူး၊ အရပ်သား ကာကွယ်ရေးဝန်ကြီးကို လွှဲထားမှာပါ။) တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရာထူးရယ်လို့တော့ သီးသန့် မရှိရတော့ပါဘူး။ အခြေခံဥပဒေမှာ တပ်ကို အာဏာသိမ်းခွင့် ပေးမထားရုံမက အခြေခံဥပဒေကို ကျော်ပြီး အလွယ်တကူ အာဏာမသိမ်း နိုင်အောင် တားဆီးဖို့ ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို သီးသန့် မထားတာ ဖြစ်ပါတယ်။ (အိန္ဒိယဆိုရင် ကြည်း၊ ရေ၊ လေ ဦးစီးချုပ် သုံးယောက်ဟာ အရပ်သားဖြစ်တဲ့ ကာကွယ်ရေး ၀န်ကြီး ရှေ့မှောက်က လွဲရင် သာရေးနာရေးကိစ္စမှာတောင် လူချင်းမဆုံရဘူးလို့ တားမြစ်ထားပါသတဲ့)  နောက်ပြီး (၂၀၀၈) ဥပဒေအရ ယူထားတဲ့ (၂၅) ရာနှုန်း ပြည်သူ့လွှတ်တော်၊ တိုင်း/ပြည်နယ်လွှတ်တော် အမတ် ရာထူးတွေကိုလဲ စွန့်လွှတ်ရမှာပါ။ နိုင်ငံရေးက လုံးဝထွက်ရတဲ့ သဘောပါပဲ။
ပြီးတော့ စီးပွားရေးလုပ်တာကိုလဲ စွန့်ရမှာပါ။ ဒီလိုပြောလို့ ဦးပိုင်ကုမ္ပဏီကြီးကို အစိုးရလှူလိုက် ရမယ်လို့ မဆိုလိုပါဘူး။ ပိုင်ဆိုင်မှုကို မစွန့်ဘဲ အုပ်ချုပ်စီမံမှု (management and execution) အပိုင်းကိုသာ အစိုးရကို လွှဲလိုက်ရမှာပါ။ တကယ်တော့ နိုင်ငံတကာ ကုမ္ပဏီကြီးတွေမှာတောင် ပိုင်ဆိုင်မှုနဲ့ စီမံခန့်ခွဲမှုကို ခွဲခြားထားပါတယ်။ အစုရှယ်ယာပိုင်ဆိုင်သူတွေက ကုမ္ပဏီက ဖြစ်လာတဲ့အမြတ်အစွန်းကို ဝေပုံကျ ခွဲယူရုံ ဖြစ်ပြီး အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးကျတော့ တကယ် စီးပွားရေးကျွမ်းကျင်တဲ့ professional တွေကို CEO (အမှုဆောင် အရာရှိချုပ်) အဖြစ် လခ ကောင်းကောင်းပေးပြီး ခန့်၊ အဲဒီ CEO ကမှ ၀န်ထမ်း တွေ ခန့်ပြီး စီးပွားရေးလုပ်ကြတာပါ။ အခုလဲ ဒီသဘောပါပဲ။  ကိုယ်မကျွမ်းကျင်တဲ့ စီးပွားရေး အလုပ်ကို စစ်သားတွေ ကိုယ်တိုင် လုပ်မယ့်အစား အစိုးရကတဆင့် တကယ်ကျွမ်းကျင်သူတွေကို လခ ကောင်းကောင်း ပေးပြီး လုပ်ခိုင်း၊ အဲဒီက ဖြစ်လာတဲ့ အမြတ်အစွန်းရယ် နိုင်ငံတော်က ချပေးတဲ့ ကာကွယ်ရေးဘတ်ဂျက်ရယ် ပေါင်းပြီးမှ စစ်သည်တွေအတွက် လက်နက်ခဲယမ်း၊ လစာ၊ ရိက္ခာ၊ သက်သာချောင်ချိရေး စသည်ဖြင့် စီစဉ်ရပ်တည်ရမှာပါ။ စစ်အစိုးရခေတ်လို စီးပွားရေး အကွက်အကွင်း ကောင်းတိုင်း နေရာဝင်ယူတာမျိုး ကတော့ ဘယ်ဖြစ်နိုင်တော့မလဲ။ နောက်ထပ် စီးပွားရေး အသစ် တိုးချဲ့ခွင့်ကို ရှိတော့မှာ မဟုတ်ပါဘူး၊ တကယ်တမ်းကျတော့ စီးပွားရေးလုပ်တာ စစ်သားအလုပ်မှ မဟုတ်တာကိုး။
နောက်တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ ကိစ္စပါ။ သူတို့အတွက်ကျတော့ ဥပဒေ လိုအပ်ချက် () ခုရှိတယ်လို့ မြင်ပါတယ်။ အဲဒါတွေကတော့ . . .
၁။ ဆိုင်ရာ ပြည်နုယ်အစိုးရကို ဒေသခံ ပြည်သူတွေက လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲနဲ့ ရွေးချယ် တင်မြှောက်ခွင့်
၂။ ပြည်နယ်အစိုးရနဲ့ ဗဟိုအစိုးရအကြားမှာ ဥပဒေကြောင်းအရ တိကျပြတ်သားတဲ့ အာဏာခွဲဝေမှု
၃။ ပြည်နယ်ကထွက်တဲ့ သယံဇာတနဲ့ ပြည်နယ်တွင်း စီးပွားရေး လုပ်ငန်းတွေကနေ ရလာတဲ့ အခွန်ဘဏ္ဍာ ကို  ပြည်နယ်နဲ့ ဗဟိုအစိုးရတို့ ခွဲဝေရယူပုံ စံနစ် တို့ ဖြစ်ပါတယ်။ (လက်နက်ကိုင်တပ်တွေနဲ့ ဆိုင်တာကို သာ ပြောတာဖြစ်လို့ တိုင်းရင်းသားအခွင့်အရေးကိစ္စလို အခြား အရေးကြီးတဲ့ နိုင်ငံရေး ကိစ္စတွေ မပြောဘဲ ချန်ထားခဲ့ရတာပါ)
အဲဒီ ဥပဒေကြောင်း လိုအပ်ချက်တွေ ပြည့်စုံပြီဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ ဆိုင်ရာပြည်နယ် အစိုးရကို သစ္စာခံရမှာ ဖြစ်ပါတယ်။ ဗဟိုအစိုးရမှာလိုပဲ အရပ်သားဖြစ်ပြီး ရွေးကောက်ပွဲနဲ့ တက်လာ တဲ့ ပြည်နယ် ၀န်ကြီးချုပ်က  ပြည်နယ် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ရမှာပါ။ သူက (တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်တဲ့) ပြည်ထောင်စု သမ္မတကို တိုက်ရိုက် သစ္စာခံပြီး  သူ့ပြည်နယ်ထဲက တိုင်းရင်းသားတပ်ဖွဲ့တွေကို သူ့လိုပဲ အရပ်သားဖြစ်တဲ့ ပြည်နယ်ကာကွယ်ရေး ၀န်ကြီးကတဆင့် အုပ်ချုပ်ပါလိမ့်မယ်။ 
တိုင်းရင်းသားတပ်တွေဟာလဲ ဗဟိုအစိုးရ တပ်လိုပဲ လွှတ်တော်အမတ်ရာထူးတွေကို စွန့်လွှတ်ပြီး နိုင်ငံရေးကထွက်ရမှာပါ။ လက်ရှိ စီးပွားရေးလုပ်ငန်းတွေကိုလဲ ပိုင်ဆိုင်မှုကို မစွန့်ပေမယ့် အုပ်ချုပ်စီမံမှု အပိုင်းကို ပြည်နယ် အစိုးရကို လွှဲအပ်ရပါလိမ့်မယ်။ အဲဒီလုပ်ငန်းတွေက ရရှိတဲ့ အမြတ်အစွန်းရယ်၊ ပြည်နယ်က ချပေးတဲ့ ကာကွယ်ရေး ဘတ်ဂျက်ရယ် ပေါင်းပြီးတော့ တိုင်းရင်းသားတပ်တွေ ရပ်တည်ကြ ရမှာပါ။ နောက်ထပ် စီးပွားရေးအသစ် တိုးချဲ့ခွင့်တော့ မရှိတော့ပါဘူး။ လက်နက်ခဲယမ်း ၀ယ်ယူမှုကလဲ ပြည်ထောင်စုအစိုးရက တဆင့်သာ ဖြစ်ရပါလိမ့်မယ်။ အခုလို သူခိုးဈေးက ၀ယ်ခွင့် ရှိတော့မှာ မဟုတ်ပါဘူး။
ဒါက လက်နက်ကိုင်တော်လှန်ရေးရှိတဲ့ ပြည်နယ်တွေ အတွက်သာ မဟုတ်ပါဘူး။ ပြည်တွင်းစစ် မရှိတဲ့ မန္တလေးတိုင်း၊ မကွေးတိုင်း စတဲ့  ဒေသတွေက တိုင်းဒေသကြီးအစိုးရတွေကလဲ ကိုယ့်ဘတ်ဂျက်ပေါ် မူတည်ပြီး ဒေသခံတပ်တွေ ဖွဲ့ခွင့်ရှိတာပါပဲ။ တကယ်ကတော့ ဖွဲ့ခွင့်ရှိရုံ မဟုတ်၊ ဥပဒေထုတ်ပြီးတော့ကို ဖွဲ့ခိုင်းရမှာပါ။
အဲဒီဒေသခံ ပြည်နယ်တပ်၊ တိုင်းဒေသကြီးတပ်တွေဟာ ပုံမှန်အချိန်မျိုးမှာတော့ ကိုယ့်ဒေသမှာ ကိုယ်နေပြီး လုံခြုံရေးတာဝန်ယူကြရမှာပါ။ ဗဟိုအစိုးရတပ်တွေကတော့ တိုင်းအနှံ့၊ ပြည်နယ်အနှံ့မှာ နေထိုင်ပြီး နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ယူကြရမှာ ဖြစ်ပါတယ်။
အခုပြောခဲ့တဲ့ အနေအထား ကို ကြည့်မယ် ဆိုရင် ပြည်နယ်တပ်တွေ၊ တိုင်းဒေသကြီးတပ်တွေဟာ ဗဟို အစိုးရစစ်တပ် လက်အောက်မှာ တိုက်ရိုက်ရှိမနေဘူး ဆိုတာ တွေ့ရမှာပါ။ ဒီလို central command (ဗဟိုအုပ်ချုပ်မှု) တခုတည်း အောက်မှာ မရှိတဲ့တပ်တွေ ဒေသတခုတည်းမှာ အတူတူ တာဝန်ထမ်းဆောင် ရရင် ပြဿနာ ဖြစ်မကုန်ဘူးလားလို့ မေးစရာ ရှိပါတယ်။
အဖြေကတော့ ပြဿနာ မဖြစ်အောင် လုပ်ထားရင် ပြဿနာ မဖြစ်ပါဘူး။  အရေးအကြီးဆုံးက သူတို့ရဲ့ လုပ်ငန်း တာဝန်ကို တိတိကျကျ ခွဲခြားထားဖို့ဖြစ်ပါတယ်။ ဥပမာ အမေရိကန်နိုင်ငံမှာ ဆိုရင် သဘာဝ ဘေးအန္တရာယ်တွေ ကျရောက်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်တာ၊ ရဲတပ်ဖွဲ့တောင် မနိုင်လောက်အောင် သူခိုး ဓါးပြ ထကြွနေတာမျိုး ကို နှိမ်နင်းတာ၊ အကြမ်းဖက် သမားတွေရဲ့ တိုက်ခိုက်မှုကို ကာကွယ်တာ စတဲ့ အလုပ်တွေဟာ ပြည်နယ်စောင့်တပ်နဲ့သာ သက်ဆိုင်ပါတယ်။ ပြည်တွင်းက နီးစပ်တဲ့ ဥပမာပေးရရင် လက်နက်ကိုင် အဖွဲ့အစည်းတွေ ဖြစ်တဲ့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့လိုပါပဲ။ စစ်သားနဲ့ရဲ ဆိုတာ တယောက်ချင်း၊ နှစ်ယောက်ချင်း ရန်ဖြစ်ချင် ဖြစ်မယ်။ အုပ်စုလိုက်လဲ ရန်ဖြစ်နိုင်တာပဲ။ ဒါပေမယ့် တပ်မတော် နဲ့ ပြည်သူ့ရဲတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်တယ် ဆိုတာမျိုးကတော့ မကြားဖူးဘူး။ လုပ်ငန်းတာဝန်ချင်း လုံးဝမတူ ကြလို့ ဖြစ်ပါတယ်။ ခုလဲ ဒီသဘောမျိုး လုပ်ရမှာပါပဲ။
ဒါဆိုရင် ပြည်နယ်တပ်တွေဟာ ကိုယ့်ပြည်နယ်ဆိုင်ရာ လုံခြုံရေးပဲ လုပ်ကြရတော့မှာလား၊ ပြည်ထောင်စုကြီး အန္တရာယ်ကြုံချိန်မှာ မျက်နှာလွှဲခဲပစ် နေကြရတော့မှာလားလို့ မေးစရာ ရှိတယ်။ မဟုတ်ပါဘူး။ အရေးကြုံရင်     ပြည်ထောင်စုကာကွယ်ရေး တာဝန်ကိုလဲ ထမ်းဆောင်ကြရမှာပါပဲ။ ဒါပေမယ့် ပြည်နယ်တပ်တွေ သစ္စာခံတာက ပြည်နယ် ကာကွယ်ရေးဦးစီးချုပ် ဖြစ်တဲ့ ပြည်နယ်ဝန်ကြီးချုပ် ဖြစ်ပြီး သူကမှ ပြည်ထောင်စု ကာကွယ်ရေး ဦးစီးချုပ် ဖြစ်တဲ့ ပြည်ထောင်စုသမ္မတကို တိုက်ရိုက် သစ္စာခံတာ ဖြစ်တဲ့ အတွက် ပြည်နယ်တပ်   တွေ ပြည်ထောင်စုအဆင့်တာဝန်ကို ထမ်းရမယ်ဆိုရင် သမ္မတက တိုက်ရိုက် အမိန့် ထုတ်ပြီး ဆင့်ခေါ်ရပါလိမ့်မယ်၊ တိုင်းမှူး တပ်မမှူးအဆင့်လောက်နဲ့ ဆင့်ခေါ်လို့ မရ ပါဘူး။ သမ္မတက ဆင့်ခေါ်တဲ့နေရာမှာလဲ ဘယ်လိုအခြေအနေမျိုးမှာ ဆင့်ခေါ်လို့ရတယ်ဆိုတာကို ဥပဒေ စည်းကမ်းတွေ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ထားရမှာပါ။ (ဒါလဲ အမေရိကန်နိုင်ငံကို အတုယူတာပါပဲ)
နောက်တခု။  ပြည်နယ်တခုရဲ့ နယ်စပ်မှာ မငြိမ်မသက် ဖြစ်လို့ စစ်ပြင်ရတဲ့ အချိန်မျိုး၊ နိုင်ငံခြားက တပ်တွေနဲ့ အခြေအနေတင်းမာပြီး ပစ်ခတ်မှုတွေ ဖြစ်ပွားနေတဲ့ အချိန်မျိုးမှာ သမ္မတရဲ့ ဆင့်ခေါ်ချက်ကို နာခံပြီး  ပြည်နယ်တပ်တွေက ဗဟိုအစိုးရတပ်နဲ့ အတူတူ တာဝန်ထမ်းကြပြီ ဆိုပါတော့။ အဲဒီအချိန်မျိုးမှာ တပ်တွေကို တာဝန်ယူ အမိန့်ပေးရမယ့် စစ်သူကြီး (commander) ဟာ တစ်ယောက် တည်း ဖြစ်ရပါတယ်။  နှစ်ယောက် ရှိနေရင် တယောက်တပေါက် အမိန့်ထုတ်နေတာနဲ့ အကုန် အချိတ် အဆက်လွဲပြီး ဒုက္ခ ရောက်ကုန်မှာကိုး။ အဲဒီ အခြေအနေမျိုးမှာ စစ်သူကြီးကို ဘယ်လို ရွေးမလဲ ဆိုတဲ့ ကိစ္စကို စဉ်းစားရပါမယ်။ ဒီကိစ္စမျိုးမှာ နိုင်ငံတကာထုံးစံကတော့ စစ်တပ် အင်အား များများ ပေးနိုင်တဲ့ ဖက်က စစ်သူကြီး ဖြစ်လေ့ ရှိပါတယ်။ ဥပမာ ဒုတိယကမ္ဘာစစ်တုံးက နော်မန်ဒီ ကမ်းခြေတက် တိုက်ပွဲကို ကြည့်ပါ။ အဲဒီတိုက်ပွဲမှာ အင်္ဂလိပ် တပ်ရော၊ အမေရိကန်တပ်တွေပါ မဟာမိတ် တွေအနေနဲ့ ပါတယ်။ အင်္ဂလိပ် ဖက်က ဗိုလ်ချုပ်ကြီး မောင်ဂိုမာရီ (Gen. Montgomery) ဟာ တကယ့် ၀ါရင့်ဗိုလ်ချုပ်ကြီးပါ။ ဒါပေမယ့် တိုက်ပွဲဝင် တပ်အင်အား ကျတော့ အမေရိကန်တပ်တွေက များနေတဲ့ အတွက် မောင်ဂိုမာရီ လောက် အတွေ့အကြုံမရင့်တဲ့ အမေရိကန် ဗိုလ်ချုပ်ကြီး အိုင်စင်ဟောင်ဝါ (Gen. Eisenhower) က စစ်သူကြီး အနေနဲ့ ခေါင်းဆောင်ရသူ ဖြစ်သွား ခဲ့ပါတယ်။ ခုလဲ ဒီသဘောမျိုး ကျင့်သုံး ရမှာပဲ။ ဒါပေမယ့် တပ် အင်အား နည်းတဲ့ဖက်မှာ တကယ် တော်တဲ့ စစ်ခေါင်းဆောင် ရှိလို့ သူ့ကိုပဲ ဗဟိုကရော၊ ပြည်နယ် ကပါ ရွေးချင်သပ ဆိုလဲ ရတာပါပဲ။
ဒီနေရာမှာ မေးစရာရှိတာက "တိုင်းပြည်တခုမှာ တပ်မတော်တစ်ခုတည်းရှိရတယ် မဟုတ်ဘူးလား” ဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ နိုင်ငံတိုင်းမဟုတ်ပါဘူး။ စာရေးသူ တင်ပြခဲ့တာ ဆိုရင် အမေရိကန်နိုင်ငံမှာ လက်တွေ့ကျင့်သုံးနေတဲ့ ပုံစံပါ။ (အသေးစိတ်ကို http://en.wikipedia.org/wiki/National_Guard_of_the_United_States-မှာကြည့်နိုင်ပါတယ်) ဘာလို့ ဒီပုံစံကိုမှ အတုယူရမလဲ လို့ မေးစရာရှိတယ်။ အရင် ပါလီမန် ဒီမိုကရေစီခေတ် (၁၉၆၂) တုံးက ဖက်ဒရယ် စံနစ်လုပ်ဖို့ လွှတ်တော်ထဲ ဆွေးနွေးနေတုံး စစ်တပ်က အာဏာသိမ်းခဲ့တာ တိုင်းရင်းသားတွေ မမေ့ကြ သေးဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပြီ: အားလုံး အခြေတကျဖြစ်လို့ တိုင်းရင်းသားတပ်တွေ လက်နက်ချပြီးကာမှ စစ်တပ်က ထပ်ပြီး အာဏာသိမ်းခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ သံသယဟာ တိုင်းရင်းသားတွေမှာ ရှိနေဆဲ ဖြစ်တယ်။ ဒါကြောင့် တိုင်းရင်းသားတပ်တွေကို လက်နက်ချခိုင်းဖို့ (ဒါမှမဟုတ်) တပ်မတော်လက်အောက်မှာ နယ်ခြားစောင့်တပ် အနေနဲ့ နေခိုင်းဖို့ ဆိုတာ လက်တွေ့အားဖြင့်  မဖြစ်နိုင်ဘူး။ ဒါကြောင့်မို့လို့ အမေရိကန်စံနစ်ကို အကြံပေးရတာ ဖြစ်ပါတယ်။
အခုပြောခဲ့တာဟာ စာရေးသူအနေနဲ့ ပုံဖေါ်ကြည့်မိတဲ့ ပြည်ထောင်စုတပ်မတော် အနေအထားပါ၊   ဝေဖန် ဖို့နဲ့ ဆင်ခြင်ကြည့်ကြဖို့ပါ။

နောက်ဆက်တွဲ။         ။ စာရေးသူ တင်ပြခဲ့တာနဲ့ မတူခြားနားတဲ့ အဆိုပြုချက်တွေကိုလဲ အင်တာနက် မှာ တွေ့ရပါတယ်။
အချို့က ဖက်ဒရယ်ပြည်ထောင်စုရယ်လို့ ဖြစ်လာပြီး ပြည်ပရန်စွယ်လဲမရှိ ငြိမ်းချမ်းတဲ့ အချိန်မျိုး ဆိုရင်   ပြည်နယ် ကာကွယ်ရေးဟာ ဆိုင်ရာ ပြည်နယ်တပ်နဲ့တင် လုံလောက်တာ ဖြစ်တဲ့အတွက် ဗဟို အစိုးရ တပ်တွေ   ပြည်နယ်ထဲ လာပြီး တပ်စွဲထားဖို့ မသင့်ဘူး၊ ပြည်မမှာပဲ နေသင့်တယ်လို့ ယူဆ ကြပါတယ်။ ဒီအယူအဆဟာ သဘာဝ မကျပါဘူး။ ဖက်ဒရယ် ပြည်ထောင်စု စစ်စစ် ဖြစ်တဲ့ အမေရိကန် နိုင်ငံထဲက ပြည်နယ်အားလုံးလိုလိုမှာ ဗဟိုအစိုးရတပ် (Federal forces) တွေ တပ်စွဲထားတာပါပဲ၊ အဲဒဲီလို တပ်စွဲ ထားလို့ ဖက်ဒရယ်မူ ပျက်မသွားပါဘူး။ နောက်ပြီး "ငါတို့ နယ်မြေထဲမှာ ငါတို့တပ်ပဲ ရှိရမယ်၊ တခြား တပ်တွေ မနေနဲ့" ဆိုတဲ့ စကားမျိုးကို လွတ်လပ်ပြီး အချုပ်အချာအာဏာပိုင်စိုးတဲ့ နိုင်ငံ (sovereign state) တစ်ခုက သာ ပြောပိုင်တယ်၊ ပြောခွင့် ရှိတယ်။ ဖက်ဒရယ် ပြည်ထောင်စုတခုရဲ့ ပြည်နယ်က ပြောတယ် ဆိုရင်တော့   ပြည်ထောင်စုရဲ့ အချုပ်အချာ အာဏာကို ထိပါးခြိမ်းခြောက်ရာ ရောက်လို့ ဘယ် ပြည်ထောင်စုအစိုးရမှ လက်ခံနိုင် မှာ မဟုတ်ပါဘူး။ ဒီလမ်းကို မဖြစ်မနေသွားမယ် ဆိုရင်တော့ ပြည်တွင်းစစ် အဓွန့်ရှည်ဖို့သာ ရှိပါတယ်။
နောက် တချို့ကတော့ ပြည်ထောင်စု တပ်မတော်ဆိုတာ ဆိုင်ရာတိုင်းနဲ့ ပြည်နယ် တွေက အချိုးကျ ပို့လွှတ်တဲ့ တပ်တွေ ပေါင်းထားတဲ့ တပ်ပေါင်းစုသာ ဖြစ်သင့်တယ် လို့ ဆိုကြတယ်။ သူတို့ မူအရ သက်ဆိုင်ရာ တိုင်းတပ်၊ ပြည်နယ်တပ်တွေ ဖယ်လိုက်ရင် ဗဟိုအစိုးရ လက်အောက်မှာ  နေပြည်တော် စစ်ရုံးချုပ်ပဲ ကျန်ရမယ့် သဘောဖြစ်ပါတယ်။ ဒါလဲ မသင့်တော်ပါဘူး။ ဖက်ဒရယ်စံနစ်မှာ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရဆိုတာ ရန်ဖြစ်လိုက်၊ ပြန်တဲ့လိုက်နဲ့ "လင်နဲ့မယား လျှာနဲ့သွား" ဆိုသလို နေကြရတာပါ။ ဗဟို အစိုးရမှာ စစ်တပ် မရှိဘူးဆိုရင် ထစ်ကနဲ တခုခု အဆင်မပြေ ဖြစ်လိုက်တာနဲ့ ပြည်နယ်အစိုးရတွေက ပြည်နယ်ပိုင် စစ်တပ်ကို အားကိုးပြီး အလွယ်တကူ လွတ်လပ်ရေး ကြေညာ နိုင်အောင် လမ်းခင်းပေးထား သလို ဖြစ်နေတယ်။ ဒီ အခြေအနေ မျိုးကို ဘယ်ပြည်ထောင်စု အစိုးရကမှ လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒီလမ်းကို သွားရမှ ဖြစ်မယ်ဆိုရင်လဲ ပြည်တွင်းစစ်ဟာ "မငြိမ်းသောမီး" ဖြစ်နေဦးမှာပဲ။

ရေးသားတင်ပြသူ (ဆောင်းပါးရှင် တိုင်းရင်းသား တစ်ဦး)

ဆောင်းပါးကို ဖော်ပြခွင့်ပေးသော ဆောင်းပါးရှင် (တိုင်းရင်းသားတစ်ဦး)အား အထူးကျေးဇူတင်ရှိပါသည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...