ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts



(Written by သစ်ထွဋ် )

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း တိုကျိုမြို့တွင် ကျင်းပခဲ့တဲ့ မြန်မာ-ဂျပန် ထိပ်သီးအစည်းအဝေးမှာ ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှု ချေးငွေအဖြစ် အတိုးနှုန်းသက်သာတဲ့ ယန်း ၆၃ ဘီလျံ (အမေရိကန်ဒေါ်လာ သန်း ၆၁၀ ကျော်) ချပေးမယ့် အစီအစဉ်အပါအ၀င် အခြားအကူအညီပေးရေး သဘောတူညီမှုဆိုင်ရာ စာချုပ်များ လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်မှာ ဂျပန်အနေဖြင့် အင်တိုက်အားတိုက် အကူအညီပေးမယ်လို့ ကတိပြုခဲ့ရာ မြန်မာနိုင်ငံအပေါ်မှာ ရှိနေတဲ့ တရုတ်ရဲ့လွှမ်းမိုးမှုကို ကန့်သတ်ဖို့နဲ့ မြန်မာနိုင်ငံမှာ ဂျပန်စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရေး တိုးချဲ့နိုင်ဖို့ ရည်ရွယ်တဲ့ မဟာဗျူဟာ ခြေလှမ်းတစ်ရပ်အဖြစ် နိုင်ငံတကာ သုံးသပ်သူတွေက ယူဆကြပါတယ်။

တရုတ်နှင့်ဂျပန်၏ အားပြိုင်မှုပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်က မြန်မာနိုင်ငံကို ကမ္ဘာ့ဇာတ်ခုံအလယ်တွင် အကာအကွယ်ပေးခဲ့ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍမှာ အခြားနိုင်ငံများထက် လက်ဦးမှုရယူနိုင်ခဲ့တဲ့ တရုတ်အနေဖြင့် ယခုလို ဂျပန်နိုင်ငံရဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံမှု တိုးတက်လာတဲ့အပေါ် မလွဲမသွေ စောင့်ကြည့်နေမယ်လို့ ယူဆရပြီး တရုတ်နဲ့ဂျပန်တို့ရဲ့ နိုင်ငံရေးနဲ့စီးပွားရေး ပြိုင်ဆိုင်မှုတွေကိုလည်း ပြည်တွင်းမှာ ဆက်လက်တွေ့လာရဖို့ ရှိနေပါတယ်။ လက်ရှိမှာ အာရှဒေသတွင်းက စီးပွားရေးအင်အားကြီး နိုင်ငံတွေဖြစ်တဲ့ တရုတ်နှင့်ဂျပန်ဟာ အရှေ့တရုတ်ပင်လယ်ပြင်ရှိ ဂျပန်တို့ ထိန်းချုပ်ထားတဲ့ ဆင်ကာကူကျွန်းစု ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး ယမန်နှစ်ကတည်းက အငြင်းပွားမှု မြင့်တက်လာခဲ့ပြီး မကြာမီက တရုတ်ရဲ့လေကြောင်း ကာကွယ်ရေးဇုန်သစ် ကြေညာမှုနှင့် ပတ်သက်ပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဝေဖန်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့နိုင်ငံတွေက အာရုံစိုက်လာကြတဲ့ အာရှ-ပစိဖိတ်ဒေသမှာ စီးပွားရေးအင်အား တစ်စတစ်စ ကြီးမားလာတဲ့ တရုတ်ရဲ့ စီးပွားရေးအင်ဂျင် ချဲ့ထွင်မှုကို ဂျပန်နိုင်ငံအနေဖြင့် ပြိုင်ဆိုင်နိုင်ဖို့ အာရုံစိုက်လာရာ လက်ရှိအရှေ့တောင်အာရှရှိ သယံဇာတ အရင်းအမြစ် ပေါကြွယ်ဝပြီး စီးပွားရေးလုပ်ကိုင်စရာ အခွင့်အလမ်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကူညီမယ့်ဂျပန်

ဂျပန်နိုင်ငံက အကူအညီပေးမယ့် ချေးငွေတွေကို လမ်းအခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရေးအတွက်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းများ လုပ်ကိုင်ရာမှာလည်း ဂျပန်နိုင်ငံအနေဖြင့် အင်တိုက်အားတိုက် အကူအညီပေးမယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြန်မာ-ဂျပန် ထိပ်သီးအစည်းအဝေးမှာ တရားဝင် ထုတ်ဖော်ပြောကြားခဲ့တာမို့ ဂျပန်ဟာ မြန်မာနိုင်ငံနဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်ဝန်ကြီးချုပ်က မြန်မာနိုင်ငံအတွက် အပစ်အခတ် ရပ်စဲရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဟာ ပြည်သူလူထုအားလုံးက မျှော်လင့်နေကြတဲ့ အရာတစ်ခုဖြစ်သလို အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဂျပန်နိုင်ငံဘက်ကလည်း အထူးကိုယ်စားလှယ်တစ်ဦး ထားရှိကာ အကူအညီ ပေးသွားမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံက အကူအညီပေးသွားမှာ ဖြစ်တယ်လို့ ထပ်မံပြောကြားခဲ့ရာ ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးရင်း နှီးမြှုပ်နှံမှုတိုးချဲ့မှုအပြင် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်မှာလည်း ဂျပန်က ထဲထဲဝင်ဝင် ပါဝင်လာဖို့ ရှိနေတာ ဖြစ်ပါတယ်။

နီးကပ်သည့် ဆက်ဆံရေး ရှိနေဆဲ တရုတ်

မြန်မာနိုင်ငံရဲ့ ယခုဂျပန်နိုင်ငံ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ လျင်မြန်စွာ ၀င်ဆံ့လာမှုအပေါ် ကြောင့်ကြစိတ်ကို ဖော်ထုတ်ပြသခြင်း မရှိသေးပေမယ့် မြန်မာနိုင်ငံ အပေါ်ချမှတ်ထားတဲ့ မူဝါဒကို လက်ရှိအခြေအနေနဲ့ လိုက်လျောညီထွေရှိဖို့ လာမယ့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ မတိုင်မီ ကြိုးစားရမယ့် အခြေအနေကို ဆိုက်ရောက်နေတယ်လို့ ဆိုနိုင်ပါတယ်။ လက်ရှိအခြေအနေမှာတော့ တရုတ်နိုင်ငံက မြန်မာနိုင်ငံနဲ့ ချေးငွေဆိုင်ရာတွေကို ဆက်လက်ဆောင်ရွက်နေသလို လောလောဆယ် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ (၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲအတွက်လည်း တရုတ်နိုင်ငံက နည်းပညာအကူအညီများ ပေးခဲ့ပြီး ပြိုင်ပွဲမတိုင်မီ တရုတ်နည်းပြ ၂၀ ကျော်ကို မြန်မာနိုင်ငံသို့ စေလွှတ်ပြီး မြန်မာအားကစားသမားများအား လေ့ကျင့်သင်ကြားပေးသလို မြန်မာအားကစားသမား ၁၇၀ ကျော်ကို တရုတ်နိုင်ငံသို့ ဖိတ်ခေါ်ပြီး လေ့ကျင့်သင်ကြားပေးခဲ့တာကို ကြည့်ခြင်းအားဖြင့် တရုတ်ဟာ မြန်မာနိုင်ငံနဲ့ နီးကပ်တဲ့ဆက်ဆံရေး ရှိနေဆဲလို့ ဆိုနိုင်ပါတယ်။ လက်ရှိအခြေအနေမှာ တရုတ်ဟာ စီးပွားရေး အခြေအနေသာမက မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်တွေကို မလွဲမသွေ လေ့လာနေမှာဖြစ်ပြီး မကြာမီက ပြည်တွင်းက အတိုက်အခံ ပါတီကြီးတစ်ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) မှ တာဝန်ရှိသူအချို့ကို တရုတ်နိုင်ငံ ပေကျင်း၊ ရှန်ဟိုင်းနဲ့ ယူနန်ပြည်နယ်များသို့ ရှစ်ရက်ကြာ ခရီးစဉ်တစ်ခုကို ဖိတ်ခေါ်ပြသခဲ့ပြီး NLD မှ တာဝန်ရှိသူတွေဟာ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အကောင်အထည် ဖော်နေမှုများကို လေ့လာခွင့်ပြုခဲ့ပြီး တရုတ်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး၊ ကွန်မြူနစ်ပါတီ အမြဲတမ်းကွန်ဂရက် ဒုဥက္ကဋ္ဌ၊ ပြည်နယ်ကော်မတီများနှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ရာ တရုတ်အနေနဲ့ မြန်မာနဲ့ အလေးထားတဲ့ ဆက်ဆံရေးကို ဆက်လက်ထူထောင်သွားဖို့ ဆန္ဒရှိနေတယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။

ကော်ပိုရေးရှင်းကြီးများ၏ ယုံကြည်မှုနှင့် နိုင်ငံတကာချေးငွေ

မြန်မာ-ဂျပန် ထိပ်သီးအစည်းအဝေးပွဲမှာ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ မြင့်မားလာစေရေးအတွက် ဂျပန်နိုင်ငံက အကူအညီပေးရေး သဘောတူညီချက်နှစ်ခု လက်မှတ်ရေးထိုးနိုင်ခဲ့သလို ဂျပန်နိုင်ငံ အနေဖြင့် ရန်ကုန်မြို့ သန်လျင်-ကျောက်တန်း ဧရိယာအတွင်းမှာ အကောင်အထည်ဖော် လုပ်ကိုင်မယ့် သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ဂျပန်ကုမ္ပဏီများ မြှုပ်နှံလာစေရေးအတွက်လည်း တွန်းအားပေးသွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားခဲ့ရာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံဖို့ စောင့်ကြည့်နေကြတဲ့ နိုင်ငံတကာ စီးပွားရေးကော်ပိုရေးရှင်းကြီးများ အတွက်လည်း ဂျပန်ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ယုံကြည်မှုပေးနိုင်မယ့် အခြေအနေကို ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်ဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး အလှူရှင်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံတွင် တင်ရှိနေတဲ့ ကြွေးမြီဒေါ်လာ ၅ ဒသမ ၃၂ ဘီလျံ ပယ်ဖျက်ခဲ့ကာ ဆက်လက်ပြီးလည်း ကူညီထောက်ပံ့မှုတွေ ပြုလုပ်သွားဖို့ ရှိနေရာ တရုတ်ထံက တိုးနှုန်းမြင့်ချေးငွေများ ချေးငှားခဲ့ရတဲ့ အခြေအနေကို ပြောင်းလဲဖို့ အခွင့်အလမ်းရှိနေတာ ဖြစ်ပါတယ်။ လက်ရှိတွင် တရုတ်ရဲ့ ချေးငွေအချို့ဟာ တစ်နှစ်အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်း ရှိနေတဲ့အချိန်မှာ ဂျပန်ကတော့ ဖွံ့ဖြိုးမှုအကူအညီ ချေးငွေတွေကို တစ်နှစ်လျှင် အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ချေးငှားပေးနေတာကြောင့် ရေရှည်မှာ အတိုးနှုန်းကြီးတဲ့ ချေးငွေတွေထက် အတိုးနှုန်းသက်သာတဲ့ ချေးငွေတွေကို ရွေးချယ်သွားနိုင်မယ့် ချေးငွေဆိုင် ရာမူဝါဒများ ထားရှိနိုင်ခြင်းဖြင့် နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရာမှာ အထောက်အကူ ဖြစ်စေမယ့် နိုင်ငံတကာ ချေးငွေတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

မျှတသည့် စီးပွားရေးဝန်းကျင်

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့် ဂျပန်ကုမ္ပဏီတွေ အတွက်လည်း နိုင်ငံတကာ စည်းမျည်းစည်းကမ်းများနှင့်အညီ ဂျပန်ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ကာကွယ်မှုများ ရရှိဖို့နဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် လိုအပ်တဲ့ အရာများအတွက် ပစ္စည်းတင်ပို့မှု၊ နည်းပညာ လွှဲပြောင်းမှုနှင့် အခြားလိုအပ်ချက်များအပေါ် အခွန်စည်းကြပ်မှု မလုပ်ဆောင်ဖို့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများအတွက် ပွင့်လင်းမြင်သာမှု ပိုမိုဖြစ်စေရေးအတွက်လည်း မြန်မာဂျပန် ထိပ်သီးဆွေးနွေးပွဲမှာ နှစ်နိုင်ငံတာဝန်ရှိသူများက သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ရာ ဂျပန်ကုမ္ပဏီတွေအတွက် ပြည်တွင်းမှာ မျှတတဲ့ စီးပွားရေးဝန်းကျင်ကို ဖန်တီးပေးခြင်းဖြင့် အခြားနိုင်ငံများက လာရောက်ရင်းနှီးမြှုပ်နှံ လိုသူတွေအတွက်လည်း ယုံကြည်စိတ်ချမှုကို ရစေနိုင်မှာ ဖြစ်ပါတယ်။ ယခုကဲ့သို့ ဂျပန်အပါအ၀င် ပြည်ပနိုင်ငံတွေက မြန်မာနိုင်ငံမှာ မျှတတဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နိုင်ဖို့ တောင်းဆိုဆောင်ရွက်လာချိန်မှာ မြန်မာ-တရုတ် ကုန်သွယ်မှုနဲ့ ပတ်သက်ပြီး နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်က မြန်မာနိုင်ငံမှ ကုန်ကြမ်းများကို တင်သွင်းရာတွင် အခွန်လျှော့ကောက်ပြီး ကုန်ချောများ တင်သွင်းပါက နှုန်းထားမြင့်တဲ့ အခွန်နှုန်းဖြင့် ကောက်ယူမှုလိုမျိုး မမျှတတဲ့ ကုန်သွယ်မှု အခြေအနေဟာ မြန်မာနိုင်ငံထွက် ကုန်ကြမ်းများကို ဈေးသက်သက်သာသာဖြင့် ၀ယ်ယူနိုင်ဖို့ ဖန်တီးထားတဲ့ လုပ်ရပ်ဖြစ်ပြီး ယင်းလုပ်ရပ်ကို ပြည်တွင်းက အကြီးဆုံး စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်စုစည်းထားတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူ လုပ်ငန်းရှင်တွေက တရားဝင်ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့ရာ တရုတ်ကုန်သည်တွေ အားသာချက်ရရှိစေရေး ဖန်တီးပေးနေတဲ့ လုပ်ရပ်တွေကို တရုတ်အနေဖြင့် သုံးသပ်ပြုပြင်ခြင်းဖြင့် ဂျပန်နိုင်ငံနဲ့ ဈေးကွက်အားပြိုင်မှုမှာ မျှတတဲ့ စီးပွားရေးဝန်းကျင်ကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

တရုတ်ဖြေရှင်းရမည့် ပုစ္ဆာ

မကြာမီက မြန်မာနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်မှု အများအပြား လုပ်ကိုင်နေတဲ့ ယူနန်ပြည်နယ် လုပ်ငန်းရှင်များအသင်း၊ နိုင်ငံခြားကုန်သွယ်ရေး ကုမ္ပဏီကိုယ်စားလှယ် မစ္စတာ လျိုဝန်ဝူက မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာတာနဲ့အမျှ အနောက်နိုင်ငံများရဲ့ စီးပွားရေး ဒဏ်ခတ်မှုများ ရုပ်သိမ်းလာကာ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ပြုလုပ်လာနေရာ ယခင်တရုတ် လုပ်ငန်းရှင် တစ်ဦးတည်းရှိတဲ့ အချိန်ကာလ ကျော်လွန်နေပြီဖြစ်ပြီး အကြိတ်အနယ် ယှဉ်ပြိုင်ရတော့မယ်လို့ ပြောကြားခဲ့ကြောင်း မီဒီယာတွေမှာ ပါရှိခဲ့ရာ တရုတ်အနေဖြင့် မြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် တရုတ်အနေဖြင့် ယင်းတို့ရဲ့ အခြေအနေကို မှန်းဆထားပြီလို့ ဆိုပေမယ့် လက်ရှိတရုတ်နဲ့ ကုန်သွယ်မှု အခြေအနေကို ပြောင်းလဲနိုင်ဖို့အတွက် လိုအပ်ချက်တွေ အများကြီး ရှိနေဆဲပဲ ဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံတွင်းမှာ တရုတ်ရဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးတွေဖြစ်တဲ့ မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ လက်ပံတောင်း ကြေးနီစီမံကိန်းများနဲ့ ပတ်သက်ပြီး အငြင်းပွားမှု ဖြစ်စဉ်တွေဟာ တရုတ်နိုင်ငံအတွက် စီးပွားရေးအရ စိန်ခေါ်မှုတွေရှိနေတဲ့ ဖြစ်ရပ်လို့ဆိုပေမယ့် ခေတ္တရပ်ဆိုင်းထားခဲ့တဲ့ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ဖို့ ဆက်လက်ကြိုးစားမှုကို ပြုမပြု ဆုံးဖြတ်ဖို့၊ ကုန်သွယ်မှု ပွင့်လင်းလာတဲ့ မြန်မာနိုင်ငံရဲ့ ဂျပန်အပါအ၀င် အခြားနိုင်ငံများဖြင့် ကုန်သွယ်မှုများဟာ နယ်စပ်ဒေသမှာ မြန်မာနိုင်ငံထွက် ကုန်စည်တွေကို အများဆုံး ချုပ်ကိုင်ဝယ်ယူ တင်သွင်းရောင်းဝယ်ခွင့် ရနေတဲ့ အခွင့်အလမ်းပေါ် ထိခိုက်မှု ရှိမရှိ ဆန်းစစ်ဖို့နဲ့ မြန်မာကို ချေးငှားထားတဲ့ အတိုးနှုန်းမြင့် နှစ်ရှည်ချေးငွေများအပေါ် ရေရှည်မှာ အကျိုးသက်ရောက် လာနိုင်မှုများကို လေ့လာထားဖို့ အပါအ၀င် မြန်မာနိုင်ငံသားများ အမြင်တွင် နာမည်ကောင်း မပျံ့နှံ့တဲ့ အခြေအနေ၊ အထူးသဖြင့် လာမယ့် ၂၀၁၅ မှာ ထွက်ပေါ်လာမယ့် အစိုးရသစ်နဲ့ ထားရှိမယ့် ဆက်ဆံရေး စတဲ့အကြောင်းအရာတွေကို တရုတ်အနေနဲ့ ဘယ်လိုမူဝါဒတွေနဲ့ ပြောင်းလဲဆောင်ရွက်မလဲ ဆိုတာတွေဟာ တရုတ်အတွက် မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးမှာ ဖြေရှင်းရမယ့် ပုစ္ဆာတွေလို့ ဆိုနိုင်ပါတယ်။

အချုပ်ဆိုရရင် အာရှမှာ ပြိုင်ဆိုင်မှုပြင်းထန်လာဖွယ်ရှိတဲ့ ဂျပန်နဲ့တရုတ်တို့ရဲ့ အားပြိုင်မှုတွေဟာ ယခုထက်ပိုမို အားကောင်းလာဖွယ်ရှိပြီး အာရှရဲ့ ကျားတစ်ကောင်ဖြစ်ဖို့ တာစူနေတဲ့ မြန်မာနိုင်ငံတွင်းမှာလည်း နိုင်ငံရေးအရ၊ စီးပွားရေးအရ ပြိုင်ဆိုင်မှုတွေကို လာမယ့်နှစ်မှာ ပိုမိုတွေ့ကြုံလာရဖို့ ရှိနေပါတယ်။ အထူးသဖြင့် လာမယ့် ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရမယ့် အာဆီယံက ဦးဆောင်ဦးရွက်ပြုဖြေရှင်း ဆောင်ရွက်ရမယ့် အချက်တွေမှာ ယင်းတို့နှစ်နိုင်ငံ အငြင်းပွားနေတဲ့ နိုင်ငံပိုင်နက်ဆိုင်ရာ ကိစ္စရပ်များလည်း ပါဝင်နေရာ အာဆီယံနိုင်ငံများအကြား ထောက်ခံမှုကို လိုအပ်နေသူတွေ ဖြစ်တာကြောင့် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မယ့် မြန်မာနိုင်ငံအပေါ် လေးနက်တဲ့ ဆက်ဆံမှုတွေ တိုးမြှင့်လာဖို့ ရှိနေတာ ဖြစ်ပါတယ်။

(မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ဖက်စပ်လုပ်ကိုင်လျက်ရှိသော သီလ၀ါစက်မှုဇုန် စီမံကိန်း တည်ဆောက်မှု စတင်ခြင်း အခမ်းအနားကို နိုဝင်ဘာလက တွေ့ရစဉ်။ (ဓာတ်ပုံ-နီလာ))

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ အမှတ် (၁၇) ရပ်ကွက် ကန်လမ်းရှိ ချမ်းမြေ့ တည်းခိုခန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် သံသယရှိသူ စောထွန်းထွန်းနှင့် နောက်ကွယ်မှ စေခိုင်းသူ စောတဝါး တို့ကို ဖမ်းဆီးနိုင်ရေး အတွက် ကရင်အမျိုးသား အစည်းအရုံး ဗဟို စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူများ ပူးပေါင်းကာ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် စတင်စစ်ဆေးမည် ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် KNU အမျိုးသား အစည်းအရုံး ဗဟိုမှ ဖဒိုစောရော်ဂျာခင်က ပြောကြားသည်။

နောက်ကွယ်က စေခိုင်းသည်ဟု ဆိုသူ စောတဝါးကို အမှန်တကယ် ဟုတ်မှန်ခြင်းရှိ မရှိ စောထွန်းထွန်းကို မေးမြန်းစစ် ဆေးပြီး အမှန်တကယ် နောက်ကွယ်က စေခိုင်းခြင်းမှန်လျှင် စောတဝါးကို ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းကူညီ ဖော်ထုတ် ဖမ်းဆီးသွားမည် ဖြစ်ကာ လက်ရှိတွင် စောတဝါးကို ဖမ်းဆီးထားခြင်း မရှိသေးကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်အချိန် တောင်ငူမြို့ အမှတ် (၁၇) ရပ်ကွက် ကန်လမ်းရှိ ချမ်းမြေ့ တည်းခိုခန်း ဗုံးပေါက်ကွဲမှု အတွက် သံသယရှိသူ စောထွန်းထွန်းကို နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၁၀ နာရီခန့်တွင် ကရင်အမျိုးသား အစည်းအရုံး လက်အောက်ခံ တောင်ငူခရိုင် တပ်မဟာ (၃) အကူအညီဖြင့် ဖမ်းဆီး ရရှိထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အဆင့်မြင့် ရဲအရာရှိကြီး တစ်ဦးက ပြောကြားခဲ့သည်။

ဗုံးပေါက်ကွဲမှုကြောင့် လယ်ဝေးမြို့မှ လာရောက်တည်းခို နေထိုင်သူ အသက် ၂၉ နှစ်အရွယ် မီးရထား ရဲတပ်သားတစ်ဦးနှင့် ညောင်လေးပင်မြို့မှ လာရောက်တည်းခို နေထိုင်သူ အသက် ၂၄ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ သေဆုံးခဲ့ကြောင်း တောင်ငူမြို့ မြို့မရဲစခန်း၏ ကနဦး စစ်ဆေးပေါ်ပေါက်ချက် များအရ စုံစမ်းသိရှိရသည်။

တောင်ငူမြို့ ဗုံးပေါက်ကွဲမှု အတွက် သံသယရှိသူ စောထွန်းထွန်းကို ငွေကျပ် ၂၀,၀၀၀ ပေးပြီး ခိုင်းစေသူကို ဖမ်းဆီးနိုင်ရေး အတွက် ကရင်အမျိုးသား အစည်းအရုံး ဗဟိုမှ ဥက္ကဋ္ဌ ဖဒိုစောရော်ဂျာခင်၊ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောဖောဒိုနှင့် အဖွဲ့ဝင် ဖဒိုစောအယ်ကလူဆေးတို့ ပါဝင်သော ပူးပေါင်းစုံစမ်း ဖော်ထုတ်ရေး ကော်မတီကို နိုဝင်ဘာလ အတွင်း ဖွဲ့စည်းခဲ့ကြောင်း အဆိုပါ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

"စောတဝါးကို လက်ရှိမှာ ဖမ်းဆီးထားခြင်း မရှိသေးပါဘူး။ အကြမ်းဖက် ဖောက်ခွဲမှုတွေကို ကရင်အမျိုးသား အစည်းအရုံး အနေနဲ့ လက်သင့်မခံပါဘူး။ သူက ကရင်အမျိုးသား အစည်းအရုံး လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေ ထဲမှာတော့ ရှိနေတယ်ဆိုတာ ဝန်ခံပါတယ်" ဟု အဆိုပါအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးစောဖောဒိုက ဆိုသည်။

မြန်မာနိုင်ငံ မြို့ကြီးအချို့တွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ခုနစ်ရက်တာကာလ အတွင်း ဗုံးတွေ့ရှိမှု လေးကြိမ်၊ ဗုံးလန့်မှု ၁၀ ကြိမ်၊ ဗုံးပေါက်ကွဲမှု ခြောက်ကြိမ် ဖြစ်ပွားခဲ့ရာတွင် လူသုံးဦး သေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့က ဗုဒ္ဓဘာသာဘုန်းတော်ကြီးတကျောင်းကို သြဂုတ်လတုန်းက ဗုံးခွဲမှုနဲ့ ဆက်နွယ်ပြီး အဲဒါနဲ့ပတ်သက်တဲ့ အကြမ်းဖက် ကွန်ယက်အဖွဲ့က လူသုံးဦးကို ဖမ်းဆီးထားတယ်လို့ အင်ဒိုနီးရှားက ပြောပါတယ်။

ဖမ်းထားတဲ့ လူသုံးဦးဟာ Abu Umar အကြမ်းဖက်အဖွဲ့ဝင်တွေဖြစ်တယ်လို့ သံသယရှိတဲ့အကြောင်း အင်ဒိုနီးရှားရဲက ပြောပါတယ်။ အဲဒီအဖွဲ့ဟာ လူတဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဂျာတာတာက အဲဒီ ဘုန်းကြီးကျောင်းဗုံးခွဲမှုကိစ္စနဲ့ ပတ်သက်တဲ့အပြင် ကျောက်မျက် ရတနာဆိုင်တွေကို လုယူမှုနဲ့ ခရစ္စမတ်နဲ့ နှစ်သစ်ကူးတွေမှာ အကြမ်းဖက်မှုတွေနဲ့လည်း ပတ်သက်ဆက်နွယ်နေပါတယ်။

လာမယ့် ခရစ္စမတ်အားလပ်ရက်မှာ အနှောင့်အယှက်ပေးဖို့ ကြံစည်နေသူတွေကို အရေးယူသွားဖို့ အာဏာပိုင်တွေဘက်က အသင့်ပြင်ထားတယ်လို့ အင်ဒိုနီးရှား အမျိုးသားရဲတပ်ဖွဲ့ ရဲချုပ် Sutarman က ဗွီအိုအေကို ပြောပါတယ်။ လက်လုပ်ဗုံးတွေလုပ်ပြီး လှုပ်ရှားဆောက်ရွက်နေတဲ့ အရိပ်အယောင်တွေ တွေ့ထားရတယ်လို့ ရဲချုပ်က ပြောပါတယ်။ အများပြည်သူကို ထိခိုက် အန္တရာယ် ပေးမယ့် လုပ်ရပ်မျိုးတွေ ဆောင်ရွက်တာတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမှာဖြစ်ပြီး ဥပဒေချိုးဖောက်တာတွေ မလုပ်ကြဖို့ကိုလည်း မေတ္တာရပ်ခံကြောင်း ရဲချုပ်က ပြောခဲ့ပါတယ်။

အဲဒီအဖွဲ့ရဲ့ခေါင်းဆောင် Abu Umar ဟာ အင်ဒိုနီးရှားနိုင်ငံကို တရားမ၀င် လက်နက်သွင်းယူမှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချခံထားရပါတယ်။ ဒီအဖွဲ့ဟာ မွတ်ဆလင်မဟုတ်တဲ့သူတွေကို အကြမ်းဖက်တိုက်ခိုက်တာတွေ၊ လုယက်မှု အပါအ၀င် ရာဇ၀တ်မှုတွေမှာလည်း ပါဝင်ပတ်သက်တယ်လို့ ရဲက သံသယရှိ ထားပါတယ်။

ဂျာကာတာမြို့တော် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း ဗုံးခွဲတိုက်ခိုက်ခံရမှု မှာတော့ မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ဆက်နွယ်နေမယ်လို့ အများက ယူဆထားကြပါတယ်။

ဒီနှစ်အစောပိုင်းတုန်းကလည်း အင်ဒိုနီးရှားက မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြံစည်မှုကိုလည်း အင်ဒိုနီးရှားအာဏာပိုင်တွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

အင်္ဂါနေ့၊ ဒီဇင်ဘာ ၁၇ ရက်၊ ၂၀၁၃ ခုနှစ်

    မြန်မာ့နိုင်ငံရေးတွင် တပ်မတော်ပါဝင်နေခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့်အ တိုင်း ဒီမိုကရေစီကျင့်စဉ်များကို ၀ိုင်းဝန်းထိန်းသိမ်းရန်ဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကာကွယ်ပြောဆိုလိုက်သည်။

    “အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍတွင် တပ်မတော်ပါဝင်နေရခြင်းမှာလည်း နိုင်ငံရေးတည်ငြိမ်မှုရင့်ကျက်ခြင်း၊ ပြည်သူပြည်သားများ၏ ဒီမိုကရေစီကျင့်စဉ်များ၊ ဥပဒေနှင့်အညီ ကျင့်ကြံနေထိုင်ခြင်းများအတွက် ၀ိုင်းဝန်းထိန်းသိမ်းရန် ဖြစ်ကြောင်း”ဟု တပ်မတော်ပိုင် မြ၀တီသတင်းစာ၏ ဒီဇင်ဘာလ ၁၆ ရက်ထုတ် တွင် ဖော်ပြထားသည်။

    ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဒီဇင်ဘာ ၁၅ ရက်က တပ်မတော်မိသားစုများနှင့် တွေ့ဆုံ စဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုသွားခြင်းဖြစ်သည်။

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် နိုင်ငံရေးတွင် တပ်မတော် ပါဝင်ပတ်သက်နေမှုနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကမူ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တပ်နှင့်ပြည်သူကို ရန်တိုက်ပေးနေသည်ဟု ဒီဇင်ဘာ ၁၄ ရက် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်တွင် ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထားရယူပွဲတွင် ထုတ်ဖော်ပြောဆိုသည်။

    “ပြည်သူနဲ့ တပ်မတော်ဟာ တစ်သွေးတည်းတစ်သားတည်း ဖြစ်စေချင်ပါတယ်။ အခုဟာက တပ်မတော်နဲ့ပြည်သူကို ရန်တိုက်ပေးရုံမကဘူး ပြည်သူတွေ မကျေနပ်တဲ့ကိစ္စတွေနဲ့ ပတ်သက်ရင် တပ်မတော်ကို တရားခံဖြစ်အောင် လုပ်ထားတယ်လို့ပဲ ကျွန်မမြင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ သည်။

    အလားတူပင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပတ်သက်၍လည်း ဒီမိုကရေစီစနစ်ကို ရယူလိုပါက လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရန်လိုသည်ဟု သူက ဆိုသည်။

    “အမှန်တကယ် ဒီမိုကရေစီကို ရယူလိုပါက လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်စရာ မရှိသလို ငြိမ်းချမ်း ရေးကိုလည်း မလွဲမသွေ ရယူရမှာဖြစ်ကြောင်း”ဟု မြ၀တီသတင်းစာက ဖေါ်ပြသည်။

    အဆိုပါ ပြောဆိုမှုနှင့်ပတ်သက်၍ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ တွဲဖက်အတွင်ရေးမှူး ၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာကမူ တိုင်းရင်းသားတို့ကို လက်နက်စွန့်ရေး ပြောဆိုမှုသည် မှာ စောလွန်းနေပြီး လက်တွေ့တွင် မဖြစ်နိုင်သေးဟု တုံ့ပြန်ပြောဆိုသည်။

    “ငြိမ်းချမ်းရေးဆွေးနွေးဖို့ လက်နက်စွန့်ဖို့ မလိုပါဘူး။ ဒီငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတာက နိုင်ငံရေးဆွေးနွေးပွဲ ပြီးဆုံးသွားရင်တော့ ဒါ လက်နက်ကိစ္စ ပေါ်လာမယ်။ ဒီနိုင်ငံရေးဆွေးနွေးပွဲကိစ္စ မလုပ်သေး ဘူးဆိုရင်တော့ ယုံကြည်မှုမရှိဘဲ ဘယ်သူက သွားပြီး စွန့်မှာလဲ”ဟု ခွန်ဥက္ကာက ပြောသည်။

    ကာကွယ်ရေးဦးစီးချုပ်၏ ပြောဆိုမှုသည် တပ်တွင်းစည်းရုံးရေး လုပ်ဆောင်ခြင်းဖြစ်နိုင်သည်ဟုလည်း ခွန်ဥက္ကာက ယူဆသည်။ “လက်နက်ကိုင် တိုင်းရင်းသားတွေကို အကြောင်းပြပြီးတော့ တပ်တွင်းညီညွတ်ရေး ပြန်ခေါ်ချင်တဲ့ သဘောမျိုးဖြစ်နိုင်တယ်”ဟု ပြောသည်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောဆိုနေသော လက်နက်စွန့်ရေးသည် အစိုးရ၏ တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးမူကြမ်းနှင့် တစ်ထပ်တည်း ဖြစ်နေပြီး ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် လက်နက်စွန့်ရန် မလိုအပ်သေးဟုလည်း သူက ဆက်လက် ပြောဆိုခဲ့သည်။

    ကရင်အမျိုးသားအစည်းအရုံး၏ KNU တွဲဖက်အတွင်းရေးမှူး ၂ ပဒိုမန်းမန်းကမူ ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်သည် လက်နက်စွန့်ရေး ပြောဆိုနေမည့်အစား နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနှင့် ဖြေ ရှင်းကြမည်ဆိုသည့် သတင်းစကားပါစေလိုသည်ဟု ဆိုသည်။

    “လက်နက်စွန့်ရေး ပြောမယ်ဆိုတာထက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းကြမယ်ဆိုတဲ့ စာလုံးနဲ့ဖြစ်ဖြစ်၊ ခံယူချက်နဲ့ဘဲ ဖြစ်ဖြစ်၊ အဲဒီလို ကြိုးစားဆောင်ရွက်မယ်ဆိုရင်တော့ သင့်လျော်ပါလိမ့်မယ်” ဟု ပဒိုမန်းမန်းက ပြောသည်။

    အစိုးရက တိုင်းရင်းသား လက်နက်ကိုင်တို့ထံ တင်ပြထားသည့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု မူကြမ်းပါ အချက်များသည်လည်း လက်နက်ကိုင်ရေးကို ညွှန်းဆိုနေပြီး တိုင်းရင်းသားလက်နက်ကိုင်တို့က လက်မခံနိုင် ဖြစ်နေသည်။

ဖနိဒါ
Mizzima - News in Burmese


မြောက်ကိုးရီးယားခေါင်းဆောင် အရေးအခင်း
ဇာနည်ကြီး
ဒီဇင်ဘာ ၁၆၊ ၂၀၁၃


၂၀၁၁တုန်းက ကွယ်လွန်သွားတဲ့ မြောက်ကိုးရီးယားခေါင်းဆောင် Kim Jong-il မှာ တစ်ဦးတည်းသော ညီမအရင်း Kim Kyung Hui ဆိုသူရှိပါတယ်။ အစ်ကို အုပ်ချုပ်စဉ်က ညီမဖြစ်သူဟာ ရာထူးကြီးများ ရခဲ့သူဖြစ်ပါတယ်။ မြောက်ကိုးရီးယားအင်ပါယာ ခေါင်းဆောင်သစ် အသက်၃၀အရွယ်  Kim Jong-un အာဏာရပြီး ၂နှစ်ကာလကို အဒေါ်ဖြစ်သူ Kim Kyung Hui နဲ့ သူမယောင်္ကျားဖြစ်သူ ဦးလေး Jang Sung-taek တို့က စောင့်ရှောက်ပေးခဲ့ပါတယ်။ ဦးလေးဖြစ်သူဟာ လက်ရှိ မြောက်ကိုးရီးယားမှာ ဒုတိယခေါင်းဆောင် အဆင့်ရှိသူ ဖြစ်ပါတယ်။  ဒီဇင်ဘာ ၂၀၁၃ သတင်းအရ ဦးလေးဖြစ်သူကို သေနပ်ပစ်အဖွဲ့နဲ့ သေဒဏ်ပေးလိုက်တယ်လို့ ဆိုပါတယ်။ အဒေါ်ဖြစ်သူတို့ ဇနီးမောင်နှံမှာနိုင်ငံရေးတင်မကဘူး၊ အိမ်ထောင်ရေးအဆင်မပြေမှုများစွာရှိပုံပါပဲ။ မြောက်ကိုးရီးယား သတင်းထုတ်ပြန်ချက်အရ ဦးလေးဖြစ်သူ Jang Sung-taek ဟာ မိန်းမလိုက်စားသူ ဖြစ်ပြီး၊ အရက်သောက်စားသူဖြစ်တယ်။ လောင်းကစားမှုမှာ အကြွေး ပေါင်စတာလင် ၆.၄သန်း တင်နေသူလို့ ဆိုပါတယ်။ သူတို့ဆရာတပည့် အသိုင်းအဝိုင်းမှာ လိင်မှုဆိုင်ရ ရုပ်ပုံများနဲ့ အချင်းချင်းဖြန့်ဝေနေကြပြီး၊ ယိုယွင်းတဲ့အရင်းရှင်စရိုက်ဆိုးတွေ ရှိနေသူဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ကင်မ် အင်ပါယာ အာဏာကို ထိပါးလာမဲ့ အန္တရယ်ကို ရှင်းပစ်လိုက်ခြင်းဖြစ်ပါတယ်။ 
ခေါင်းဆောင် Kim Jong-un (အသက်၃၀) ကို နောက်ကထောက်ပို့ပေးနေသူ အမျိုးသမီး(၂)ဦးကတော့ သူ့ရဲ့ အဒေါ်အရင်း Kim Kyung-hui နဲ့ သူ့ဇနီးဖြစ်သူ Ri Sol-ju တို့ဖြစ်ပါတယ်။
ဦးလေးကို စိတ်ကုန်နေပြီဖြစ်တဲ့ ဇနီးလက်ချက်ပဲလို့ ဆိုပါတယ်။ အကြောင်းအချက်တွေ အများကြီးရှိပေမဲ့ ဒုတိယခေါင်းဆောင်ဖြစ်သူ သေဒဏ်ပေးခံရခြင်းဟာ ယောင်္ကျား လူမှုရေးအရှုပ်များကိုစိတ်ပျက်နေတဲ့ သူ့ဇနီးသည် Kim Kyung Hui ရဲ့လက်ချက်ပဲလို့ပြောဆိုကြပါတယ်။
ယခင်က Kim Jong-un ချစ်ကြိုက်ခဲ့ပြီး၊ အခြားစစ်ဗိုလ်ချုပ်တစ်ဦးရဲ့ သားနဲ့လက်ထပ်သွားတဲ့ ရီးစားဟောင်း Hyon Song-wol ကိုလည်း သေဒဏ်ပေးခဲ့ပါတယ်။ ခေါင်းဆောင် Kim ရဲ့ဇနီး လက်ချက်လို့ ပြောဆိုကြပါတယ်။ 
မြောက်ကိုးရီးယားအကျဉ်းထောင်များမှာ အကျဉ်းသား ၂သိန်းကျော် ရှိနေပြီး၊ သေဒဏ်ပေးခြင်းဟာ ယမန်နှစ်က ၁၇ဦး၊ ဒီနှစ်မှာ ၄၀ဦးထိ ရှိသွားပြီလို့ဆိုပါတယ်။ 

မြေက်ကိုးရီးယား ခေါင်းဆောင်သစ်လက်ထက်မှာ အမေရိကန်၊ ဂျပန်ကို အနုမြူလက်နက်၊ ဒုံးပျံများစမ်းသပ်ခြင်းနဲ့ ခြိမ်းချောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကွန်မြူနစ်တရုပ်ပြည်ရဲ့ ပုံစံအတိုင်း မြောက်ကိုးရီးယား စီးပွားရေးပြုပြင်ပြောင်းလဲမှု မူဝါဒအသစ်နဲ့ စီးပွားရေးဖွင့်ပေးလိုက်ပါတယ်။ တရုပ်ပြည်က ကူညီပေးနေခြင်းဖြစ်ပါတယ်။ အခု ဦးလေးဖြစ်သူကို သေဒဏ်ပေးပြီး ကွပ်မျတ်လိုက်ခြင်းကို တရုပ်အစိုးရက စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ စီးပွားရေးဖွင့်ပေးပြီးတဲ့နောက် ဘာဖြစ်လာမယ်မသိနိုင်ပေမဲ့ တောင်၊ မြောက် ကိုးရီးယား၂နိုင်ငံ တစ်ပေါင်းတစ်စည်း ဖြစ်သွားရင်တော့ တရုပ်နိုင်ငံကြီးအတွက် သိပ်မကောင်းလှဘူး။ တချိန်မှာတော့ တောင်မြောက် တစ်နိုင်ငံတည်းဖြစ်မှာသေချာပါတယ်။

လွှတ်တော်၊ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အပါအ၀င် အင်အားစုအားလုံး ပါဝင်သည့် ပြည်ထောင်စု ညီလာခံပေါ်ပေါက်ရေး တွန်းအားပေးမည့် လုပ်ငန်းကော်မတီ ယခုလကုန်တွင် ဖွဲ့စည်းမည်

လွှတ်တော်၊ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အပါအ၀င် အင်အားစုအားလုံး ပါဝင်သည့် ပြည်ထောင်စု ညီလာခံ ပေါ်ပေါက်ရေး တွန်းအားပေးမည့် လုပ်ငန်းကော်မတီ တစ်ခုကို ယခုလကုန်တွင် ဖွဲ့စည်းမည်ဟု အဆိုပါ လုပ်ငန်းကော်မတီ ပေါ်ပေါက်ရေး ဆောင်ရွက်နေသည့် ကြိုတင်ပြင်ဆင် ညှိနှိုင်းရေး အလုပ်အဖွဲ့မှ ဦးမြင့်အောင်က ဒီဇင်ဘာ ၅ ရက်က ပြောကြားသည်။

ယခုနှစ် သြဂုတ်လ ရန်ကုန်မြို့၌ ကျင်းပခဲ့သော ရှစ်လေးလုံး အရေးတော်ပုံ (၂၅)နှစ် ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ရှစ်လေးလုံး ငွေရတု ကြေညာစာတမ်းအား ထုတ်ပြန်ခဲ့ရာ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်သစ်ကို ထူထောင်ရန် လိုအပ်ကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ကို ဖော်ဆောင်ပေးနိုင်ခြင်း မရှိသောကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရန် သို့မဟုတ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ပြန်လည် ရေးဆွဲရန် လိုအပ်ကြောင်းနှင့် ထိုသို့ ဖော်ဆောင်နိုင်ရေးအတွက် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်သော အမျိုးသား အင်အားစုအားလုံး ပါဝင်သည့် ပြည်ထောင်စု ညီလာခံတစ်ရပ်ကို ကျင်းပရန် လိုအပ်ကြောင်း စသည်တို့ ပါဝင်သည်။

ဦးမြင့်အောင်က ''ကျွန်တော်တို့ ပေါ်ပေါက်လာမယ့် လုပ်ငန်းကော်မတီက ညီလာခံခေါ်မှာ မဟုတ်ဘူး။ ညီလာခံဖြစ်အောင် တွန်းမှာ။ ပေါ်လာတဲ့ လုပ်ငန်းကော်မတီသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ သွားတွေ့ရမယ်။ နိုင်ငံရေးပါတီတွေကို တွေ့ရမယ်။ လွှတ်တော်ကိုလည်း တွေ့ရမယ်။ အစိုးရလည်း တွေ့ရမယ်။ တပ်မတော်ကိုလည်း တွေ့ရမယ်။ ဒီအဖွဲ့တွေ့ကို သွားတွေ့မယ်။ ပြည်ထောင်စု ညီလာခံကြီး ဖြစ်ပေါ်လာအောင် ဒီအဖွဲ့က အဖွဲ့အစည်းတွေ အားလုံးနဲ့ တွေ့ဆုံပြီးတော့ တွန်းအားပေးမယ်'' ဟု ဆိုသည်။ ''အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကြီးတစ်ရပ် ပေါ်ပေါက်လာဖို့ ဒီအဖွဲ့က တွန်းအားပေးရမယ်။ ဒီအဖွဲ့ကို ဒီဇင်ဘာလကုန် ဇန်န၀ါရီလဆန်းမှာ အဖွဲ့ပေါ်ပေါက် လာပါလိမ့်မယ်'' ဟု ဦးမြင့်အောင်က ဆက်လက် ပြောကြားသည်။

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ (၂၅)နှစ်ပြည့် အခမ်းအနားမှ ရရှိသည့် ကြေညာစာတမ်းအား အကောင်အထည်ဖော်မည့် လုပ်ငန်းကော်မတီ ဖွဲ့စည်းရေးအတွက် ကြိုတင်ပြင်ဆင် ညှိနှိုင်းရေး အလုပ်အဖွဲ့ဖွဲ့ကာ ဆောင်ရွက်နေပြီး ဒီဇင်ဘာ ၁၄ ရက်တွင် လုပ်ငန်းကော်မတီ ဖွဲ့စည်းရေးအတွက် နေရာနှင့် ဖိတ်ကြားမည့် အဖွဲ့အစည်းများကို သတ်မှတ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၌ ကျင်းပခဲ့သော ရှစ်လေးလုံး အရေးတော်ပုံ (၂၅)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် တိုင်းရင်းသား အဖွဲ့အစည်းများ၊ နိုင်ငံရေး အင်အားစုများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ''တိုင်းရင်းသားရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အနာဂတ် ပြည်ထောင်စု''၊ ''လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှု''၊ ''စစ်မှန်သော အမျိုးသား ပြန်လည်သင့်မြတ်ရေး''၊ ''တိုင်းပြည်ပြန်လည် တည်ဆောက်ရေးနှင့် ဒီမိုကရေစီ အင်အားစုများ၏ အခန်းကဏ္ဍ'' စသည့် ခေါင်းစဉ်လေးရပ်ဖြင့် ဆွေးနွေးခဲ့ကြသည်။

(ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ (၂၅)နှစ်ပြည့် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ် (Photo: AP))



အောင်မင်း| သောကြာနေ့၊ ဒီဇင်ဘာ ၆ ရက်၊ ၂၀၁၃ ခုနှစ်

မြန်မာနိုင်ငံ၏ လက်ရှိ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ၌ ရှေ့ဆက်သွားမည့် ခြေလှမ်းများတွင် ရှောင်လွှဲ မရနိုင်သည့် အဟန့်အတားများလည်း ရှိလာနိုင်ဟု မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး Judith Beth Cefkin မှ ဆိုလိုက်သည်။

အမေရိကန်အောက်လွှတ်တော်ဆိုင်ရာ နိုင်ငံခြားရေးကော်မတီ၏ အာရှနှင့် ပစိဖိတ်ရေးရာ ကော်မတီခွဲသိုဲ့Judith Beth Cefkin မှ ဒီဇင်ဘာ ၄ ရက်တွင် တင်ပြသည့် အစီရင်ခံစာတွင် ယင်းသို့ ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ နိုင်ငံရေး၊ လုံခြုံရေးနှင့် စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှု များ၊ ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတို့အကြောင်း ခြုံငုံသုံးသပ်ထားသော အစီရင်ခံစာ၌ မြန်မာ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ကြုံတွေ့ရနိုင်သော အဟန့်အတားများ အချို့အား ထည့်သွင်း ဖော်ပြထားသည်။

ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကဏ္ဍ၌ သိသာထင်ရှားသော တိုးတက်မှုများ ရှိခဲ့သော် လည်း “မြန်မာပြည်သူတွေအနေနဲ့ တန်းတူညီမျှရေး၊ မတူကွဲပြားမှုတွေအပေါ် လေးစားသမှုပြုရေးတို့အပေါ် မှာ အခြေပြုပြီး ငြိမ်းချမ်းရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးတို့အတွက် အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း မရှိဘူးဆိုရင် အခြားပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ထိန်းသိမ်းနိုင်မှာ မဟုတ်ပါဘူး”ဟု Cefkin မှ ၎င်း၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အတူ နိုင်ငံရေးအရ ပြုပြင်လဲရေး၌ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးခြင်း၊ လူသားချင်းစာနာမှုဆိုင် ရာအကူအညီများ ပေးအပ်သည့်အခြေအနေများ တိုးတက်လာခြင်းတို့ ရှိနေသော်လည်း မြန်မာ့ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်များအား အားကောင်းစေရန်အတွက် အစိုးရနှင့် လူမှုအခြေပြု အဖွဲ့အစည်းများအား အ ထောက်အကူပြုနိုင်မည့် အလွန်အရေးကြီးသော ကုလလူ့အခွင့်ရေးမဟာမင်းကြီး၏ ရုံးခန်းအား စတင်ဖွင့် လှစ်နိုင်ရန် ထိထိရောက်ရောက် ဆောင်ရွက်မှုမရှိခြင်းအပေါ် အားမလိုအားမရ ဖြစ်ရသည်ဟုလည်း ထည့် သွင်း ဖော်ပြထားသည်။

လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးတွင်လည်း မြန်မာနိုင်ငံ နေရာအနှံ့အပြား၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု များအား ထိရောက်စွာ ဖြေရှင်းမှုမပြုနိုင်ခြင်းမှာ “ရဲဌာနနဲ့ တရားစီရင်ရေးကဏ္ဍ”တို့အား ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း ရှင်းလင်းစွာ ဖော်ပြလိုက်ခြင်းဖြစ်သည်ဟု ထည့်သွင်း သုံးသပ်ထားသည်။

ထို့ပြင် စစ်မှုထမ်းဟောင်းများမှ မြန်မာ့ပြုပြင်ပြောင်းလဲရေးအား ဦးဆောင်နေသည့်အချိန်မှာ “စစ်တပ်နဲ့ လုံခြုံ ရေးကဏ္ဍရဲ့ ချိုးဖောက်မှုတွေ၊ အထူးသဖြင့် လူနည်းစုတိုင်းရင်းသားတွေ နေထိုင်ရာဒေသတွေက ချိုးဖောက် မှုတွေကို ကျွန်တော်တို့အနေနဲ့ မြင်တွေ့နေရဆဲပါ”ဟု Cefkin မှ အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ သို့ အစီရင်ခံခဲ့သည်။

စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုတွင်လည်း “ရှိသင့်ရှိထိုက်တဲ့ တိုးတက်မှုတွေ မရှိဘူးဆိုရင် ပြုပြင်ပြောင်းလဲ ရေး ကြိုးပမ်းမှုတွေကို ဆက်ထိန်းထားဖို့ မလွယ်ပါဘူး”ဟု ထည့်သွင်း သုံးသပ်ထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကြောင့် နိုင်ငံရေး၊ စီးပွားရေးအရ တိုးတက်မှု များနှင့်အတူ “ရှေ့ဆက်သွားမယ့် ခြေလှမ်းကောင်းတွေ ရှိပေမယ့်လည်း ရှောင်လွှဲမရနိုင်တဲ့ အဟန့်အတား တွေနဲ့ ကြုံတွေ့ရနိုင်တာကို ကြိုတင် မျှော်လင့်ထားရမှာဖြစ်ပါတယ်”ဟု Cefkin မှ သုံးသပ်သွားခဲ့သည်။


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် ၂၀၁၄ ဧပြီလဆန်းတွင် ပြုလုပ်ရန် မျှော်မှန်းထားသည့် နိုင်ငံရေး ဆွေးနွေးပွဲကျမှ ဆွေးနွေးရမည့် ကိစ္စဖြစ်သည်ဟု သမ္မတရုံးဝန်ကြီး ပြောကြား

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် ၂၀၁၄ ဧပြီလဆန်းတွင် ပြုလုပ်ရန် မျှော်မှန်းထားသည့် နိုင်ငံရေး ဆွေးနွေးပွဲကျမှ ဆွေးနွေးရမည့် ကိစ္စဖြစ်သည်ဟု နိုဝင်ဘာ ၃၀ ရက်က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ပြုလုပ်သော "တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော် တည်ဆောက်ရေးတွင် လူထုအခြေပြု အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ" ဆွေးနွေးပွဲတွင် သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုး နိုင်ရေးအတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ကရင်ပြည်နယ် ဘားအံတွင် ဆွေးနွေးသွားမည် ဖြစ်ကြောင်းနှင့် သဘောတူညီချက် လက်မှတ်ရေးထိုး ပြီးပါက မူဘောင်ရေးဆွဲခြင်း၊ နိုင်ငံရေး ဆွေးနွေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသားများမှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး တောင်းဆိုမှုများ ရှိနေရာ အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဆင်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်ရပ်စဲရေး ဖြစ်လာနိုင် မလာနိုင်နှင့် ပတ်သက်ပြီး ၀န်ကြီးဦးအောင်မင်းက "Political Dialogue ဆိုတာ အဲဒီမှာ သမ္မတကြီး ပြောထားတာ ရှိတယ်။ နံပါတ်တစ်၊ ခွဲမထွက်ရဘူး ဆိုတာ။ နံပါတ်နှစ်ကတော့ အချုပ်အခြာ အာဏာကို ထိပါးစေတဲ့ ကိစ္စရပ်တွေ မပြောရဘူး။ ကျန်တဲ့ကိစ္စတွေ အားလုံးကို ဆွေးနွေးနိုင်တယ်လို့ ပြောတယ်လေ။ အဲဒီထဲမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါတယ်။ အဲဒီကျရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆွေးနွေးလို့ ရတာပေါ့။ ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ Political Dialogue ကျမှ ဆွေးနွေးရမယ့်ကိစ္စ ဖြစ်တယ်လေ" ဟု ပြောကြားသည်။

"အခုက ဒီဇင်ဘာ၊ ဇန်န၀ါရီလောက် ဆိုရင်တော့ Nationwide Cease Fire Accord ဖြစ်နိုင်တယ်။ အဲဒါပြီးလို့ Frame-work ဆွဲပြီးတာနဲ့ ဟိုဘက်ဆက်သွားမှာပဲ။ ဒီဖြစ်စဉ်တွေ အားလုံးက တစ်ဆက်တည်းပဲ ဖြစ်ပါတယ်" ဟု ၀န်ကြီးဦးအောင်မင်းက ပြောကြားသည်။

နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်ရာတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ တိုင်းရင်းသားများ၊ နိုင်ငံရေး ပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ရမည် ဖြစ်သည်ဟု ၀န်ကြီးဦးအောင်မင်းက ပြေကြားသည်။

တိုင်းရင်းသား အဖွဲ့များ လက်မခံသည့် အချက်များပါသော အစိုးရ၏ မူကြမ်းကြောင့် လက်မှတ်ရေးထိုးရန် နီးစပ်မှု မရှိသေးသည့် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးမှာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဘားအံဆွေးနွေးပွဲတွင် အဖြေပေါ်မည် ဖြစ်သည်ဟု တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ (NCCT) ခေါင်းဆောင်၊ UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောကြားသည်။

မှန်ကန်သည့် နိုင်ငံရေး နည်းလမ်းများဖြင့် တိုင်းရင်းသားများ၏ လိုလားချက်များကို ဆွေးနွေးညှိနှိုင်းဖို့ အခိုင်အမာ သန္နိဋ္ဌာန်ချထားဟု ရေဒီယို မိန့်ခွန်းတွင် သမ္မတပြောကြား

မှန်ကန်သည့် နိုင်ငံရေး နည်းလမ်းများဖြင့် တိုင်းရင်းသားများ၏ လိုလားချက်များကို ဆွေးနွေးညှိနှိုင်းဖို့ အခိုင်အမာ သန္နိဋ္ဌာန် ချထားသည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီဇင်ဘာ ၁ ရက်က ပြည်သူများသို့ ပြောကြားသည့် ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

အစိုးရ အဖွဲ့၏ နိုဝင်ဘာလအတွင်း လုပ်ဆောင်ခဲ့သည့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြည်သူများသို့ ရှင်းလင်းပြောကြားခဲ့ရာ ၂၀၁၁ ခုနှစ် သြဂုတ် ၁၈ ရက်က စတင်ကာ ငြိမ်းချမ်းရေးကို စတင်ဖိတ်ခေါ်ခဲ့ကြောင်း၊ ဖိတ်ခေါ်ခဲ့သည့် အစဦး ကာလတွင် ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် မယုံကြည်မှု၊ သံသယ ဖြစ်မှုများစွာ ရှိခဲ့သော်လည်း အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ အဆင့်ဆင့် တက်လှမ်းနိုင်ခဲ့သည်ဟု ရှင်းပြခဲ့သည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က "ကျန်ရှိနေသေးတဲ့ သံသယတွေ၊ မယုံကြည်မှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေကို ဖြေလျှော့ပြီး မှန်ကန်တဲ့ နိုင်ငံရေး နည်းလမ်းတွေနဲ့ တိုင်းရင်းသားများရဲ့ လိုလားချက်များကို ဆွေးနွေးညှိနှိုင်းဖို့ အခိုင်အမာ သန္နိဋ္ဌာန် ချထားကြောင်းကိုလည်း ပြောကြားလိုပါတယ်။ ထပ်လောင်းပြောကြားလိုတဲ့ ကိစ္စကတော့ ယခုတစ်ကြိမ် ငြိမ်းချမ်းရေး ကမ်းလှမ်းတာဟာ စိတ်ရင်းစေတနာ အမှန်ကို အခြေပြုတဲ့၊ နိုင်ငံရေး နည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်" ဟု ပြောကြားသည်။

ထိုသို့ နိုင်ငံရေး နည်းလမ်းဖြင့် ဆွေးနွေးနိုင်ရန်အတွက် လုပ်ငန်းစဉ် အဆင့်ဆင့်ဖြစ်သည့် တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခြင်း၊ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်သဘောတူညီမှု ရယူခြင်းနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ခြင်းတို့ကို အဆင့်ဆင့် လုပ်ဆောင်သွားရန် လိုအပ်သည်ဟုလည်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး လိုင်ဇာဒေသတွင် ပြုလုပ်ခဲ့သည့် တိုင်းရင်းသား အဖွဲ့ပေါင်းစုံ ပါဝင်သော ဆွေးနွေးပွဲသည် ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်တွင် အရေးကြီးသည့် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ခဲ့သည်ဟုလည်း နိုင်ငံတော် သမ္မတက ပြည်သူများသို့ ပြောကြားသည့် ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းက ပြည်တွင်းနိုင်ငံရေး ပါတီများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ထိတွေ့ဆွေးနွေး ညှိနှိုင်းမှုများကိုလည်း ကြိုဆိုသည်ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

ဘားအံဆွေးနွေးပွဲတွင် အစွန်းတရားများကို ရှောင်နိုင်သည့် ဆွေးနွေးညှိနှိုင်း မှုများမှတစ်ဆင့် ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းများ အဆင့်လိုက် တိုးမြှင့်လုပ်ဆောင် သွားနိုင်မည်ဟု မျှော်လင့်လျက် ရှိသည်ဟုလည်း သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

Back to the Top

Related Posts Plugin for WordPress, Blogger...