8:55 PM
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် ၂၀၁၄ ဧပြီလဆန်းတွင် ပြုလုပ်ရန် မျှော်မှန်းထား
Posted by nankeythioo
၂၀၀၈
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် ၂၀၁၄ ဧပြီလဆန်းတွင် ပြုလုပ်ရန်
မျှော်မှန်းထားသည့် နိုင်ငံရေး ဆွေးနွေးပွဲကျမှ ဆွေးနွေးရမည့်
ကိစ္စဖြစ်သည်ဟု သမ္မတရုံးဝန်ကြီး ပြောကြား
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် ၂၀၁၄ ဧပြီလဆန်းတွင် ပြုလုပ်ရန် မျှော်မှန်းထားသည့် နိုင်ငံရေး ဆွေးနွေးပွဲကျမှ ဆွေးနွေးရမည့် ကိစ္စဖြစ်သည်ဟု နိုဝင်ဘာ ၃၀ ရက်က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ပြုလုပ်သော "တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော် တည်ဆောက်ရေးတွင် လူထုအခြေပြု အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ" ဆွေးနွေးပွဲတွင် သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။
တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုး နိုင်ရေးအတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ကရင်ပြည်နယ် ဘားအံတွင် ဆွေးနွေးသွားမည် ဖြစ်ကြောင်းနှင့် သဘောတူညီချက် လက်မှတ်ရေးထိုး ပြီးပါက မူဘောင်ရေးဆွဲခြင်း၊ နိုင်ငံရေး ဆွေးနွေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသားများမှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး တောင်းဆိုမှုများ ရှိနေရာ အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဆင်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်ရပ်စဲရေး ဖြစ်လာနိုင် မလာနိုင်နှင့် ပတ်သက်ပြီး ၀န်ကြီးဦးအောင်မင်းက "Political Dialogue ဆိုတာ အဲဒီမှာ သမ္မတကြီး ပြောထားတာ ရှိတယ်။ နံပါတ်တစ်၊ ခွဲမထွက်ရဘူး ဆိုတာ။ နံပါတ်နှစ်ကတော့ အချုပ်အခြာ အာဏာကို ထိပါးစေတဲ့ ကိစ္စရပ်တွေ မပြောရဘူး။ ကျန်တဲ့ကိစ္စတွေ အားလုံးကို ဆွေးနွေးနိုင်တယ်လို့ ပြောတယ်လေ။ အဲဒီထဲမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါတယ်။ အဲဒီကျရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆွေးနွေးလို့ ရတာပေါ့။ ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ Political Dialogue ကျမှ ဆွေးနွေးရမယ့်ကိစ္စ ဖြစ်တယ်လေ" ဟု ပြောကြားသည်။
"အခုက ဒီဇင်ဘာ၊ ဇန်န၀ါရီလောက် ဆိုရင်တော့ Nationwide Cease Fire Accord ဖြစ်နိုင်တယ်။ အဲဒါပြီးလို့ Frame-work ဆွဲပြီးတာနဲ့ ဟိုဘက်ဆက်သွားမှာပဲ။ ဒီဖြစ်စဉ်တွေ အားလုံးက တစ်ဆက်တည်းပဲ ဖြစ်ပါတယ်" ဟု ၀န်ကြီးဦးအောင်မင်းက ပြောကြားသည်။
နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်ရာတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ တိုင်းရင်းသားများ၊ နိုင်ငံရေး ပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ရမည် ဖြစ်သည်ဟု ၀န်ကြီးဦးအောင်မင်းက ပြေကြားသည်။
တိုင်းရင်းသား အဖွဲ့များ လက်မခံသည့် အချက်များပါသော အစိုးရ၏ မူကြမ်းကြောင့် လက်မှတ်ရေးထိုးရန် နီးစပ်မှု မရှိသေးသည့် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးမှာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဘားအံဆွေးနွေးပွဲတွင် အဖြေပေါ်မည် ဖြစ်သည်ဟု တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ (NCCT) ခေါင်းဆောင်၊ UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောကြားသည်။

0 comments:
Post a Comment