မှန်ကန်သည့် နိုင်ငံရေး နည်းလမ်းများဖြင့် တိုင်းရင်းသားများ၏ လိုလားချက်များကို ဆွေးနွေးညှိနှိုင်း
Posted by nankeythiooမှန်ကန်သည့် နိုင်ငံရေး နည်းလမ်းများဖြင့် တိုင်းရင်းသားများ၏
လိုလားချက်များကို ဆွေးနွေးညှိနှိုင်းဖို့ အခိုင်အမာ သန္နိဋ္ဌာန်ချထားဟု
ရေဒီယို မိန့်ခွန်းတွင် သမ္မတပြောကြား
မှန်ကန်သည့် နိုင်ငံရေး
နည်းလမ်းများဖြင့် တိုင်းရင်းသားများ၏ လိုလားချက်များကို
ဆွေးနွေးညှိနှိုင်းဖို့ အခိုင်အမာ သန္နိဋ္ဌာန် ချထားသည်ဟု နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်က ဒီဇင်ဘာ ၁ ရက်က ပြည်သူများသို့ ပြောကြားသည့် ရေဒီယို
မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
အစိုးရ အဖွဲ့၏
နိုဝင်ဘာလအတွင်း လုပ်ဆောင်ခဲ့သည့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များ၊
ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က
ပြည်သူများသို့ ရှင်းလင်းပြောကြားခဲ့ရာ ၂၀၁၁ ခုနှစ် သြဂုတ် ၁၈ ရက်က စတင်ကာ
ငြိမ်းချမ်းရေးကို စတင်ဖိတ်ခေါ်ခဲ့ကြောင်း၊ ဖိတ်ခေါ်ခဲ့သည့် အစဦး ကာလတွင်
ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် မယုံကြည်မှု၊ သံသယ ဖြစ်မှုများစွာ ရှိခဲ့သော်လည်း
အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ အဆင့်ဆင့်
တက်လှမ်းနိုင်ခဲ့သည်ဟု ရှင်းပြခဲ့သည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က "ကျန်ရှိနေသေးတဲ့ သံသယတွေ၊ မယုံကြည်မှုတွေ၊
စိုးရိမ်ကြောင့်ကြမှုတွေကို ဖြေလျှော့ပြီး မှန်ကန်တဲ့ နိုင်ငံရေး
နည်းလမ်းတွေနဲ့ တိုင်းရင်းသားများရဲ့ လိုလားချက်များကို
ဆွေးနွေးညှိနှိုင်းဖို့ အခိုင်အမာ သန္နိဋ္ဌာန် ချထားကြောင်းကိုလည်း
ပြောကြားလိုပါတယ်။ ထပ်လောင်းပြောကြားလိုတဲ့ ကိစ္စကတော့ ယခုတစ်ကြိမ်
ငြိမ်းချမ်းရေး ကမ်းလှမ်းတာဟာ စိတ်ရင်းစေတနာ အမှန်ကို အခြေပြုတဲ့၊
နိုင်ငံရေး နည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ
ဖြစ်ပါတယ်" ဟု ပြောကြားသည်။
ထိုသို့ နိုင်ငံရေး နည်းလမ်းဖြင့်
ဆွေးနွေးနိုင်ရန်အတွက် လုပ်ငန်းစဉ် အဆင့်ဆင့်ဖြစ်သည့် တစ်ပြည်လုံး
အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခြင်း၊ နိုင်ငံရေး
ဆွေးနွေးပွဲဆိုင်ရာ မူဘောင်သဘောတူညီမှု ရယူခြင်းနှင့် နိုင်ငံရေး
ဆွေးနွေးပွဲများ စတင်ခြင်းတို့ကို အဆင့်ဆင့် လုပ်ဆောင်သွားရန်
လိုအပ်သည်ဟုလည်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး လိုင်ဇာဒေသတွင်
ပြုလုပ်ခဲ့သည့် တိုင်းရင်းသား အဖွဲ့ပေါင်းစုံ ပါဝင်သော ဆွေးနွေးပွဲသည်
ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်တွင် အရေးကြီးသည့် သမိုင်းမှတ်တိုင်တစ်ခု
ဖြစ်ခဲ့သည်ဟုလည်း နိုင်ငံတော် သမ္မတက ပြည်သူများသို့ ပြောကြားသည့် ရေဒီယို
မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ
အတွင်းက ပြည်တွင်းနိုင်ငံရေး ပါတီများနှင့် တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့များအကြား ထိတွေ့ဆွေးနွေး ညှိနှိုင်းမှုများကိုလည်း ကြိုဆိုသည်ဟု သမ္မတ
ဦးသိန်းစိန်က ပြောကြားသည်။
ဘားအံဆွေးနွေးပွဲတွင်
အစွန်းတရားများကို ရှောင်နိုင်သည့် ဆွေးနွေးညှိနှိုင်း မှုများမှတစ်ဆင့်
ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းများ အဆင့်လိုက် တိုးမြှင့်လုပ်ဆောင်
သွားနိုင်မည်ဟု မျှော်လင့်လျက် ရှိသည်ဟုလည်း သမ္မတ ဦးသိန်းစိန်က
ပြောကြားသည်။
0 comments:
Post a Comment