7:03 PM
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် လူလိမ် စစ်အာဏာရှင် အစိုးရ - အပိုင်း (၁)
Posted by nankeythioo
စာရေးသူသည် မြန်မာနိုင်ငံ၏ ၁၉၈၈ ခုနှစ်နောက်ပိုင်း န၀တ၊ နအဖ လက်ထက် တိုင်းရင်းသား လက်နက်ကိုင်ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်များကို အဓိက ဆောင်ရွက်ပေးခဲ့ရသော တပ်မတော် ထောက်လှမ်းရေး ညွန်ကြားရေးမှူးရုံး၊ နောင်တွင်တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ရုံး၊ တိုက်ပွဲ ထောက်လှမ်းရေးဌာနခွဲ (ယခင်လှမ်း - ၁ ) တွင် စစ်ဦးစီးမှူး (ဒုတိယတန်း) တာဝန်ဖြင့် ၁၉၉၂ ခုနှစ် မေလ မှ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ အထိ အမှုထမ်းခဲ့ပါသည်။ စာရေးသူ တာဝန် ထမ်းဆောင်ခဲ့စဉ်အချိန် ကာလအတောအတွင်း ကချင် ၊ မွန် ၊ ကရင် ၊ ကရင်နီ ၊ ကယန်း ၊ ခွန်ဆာ ၊ ဒီကေဘီအေ ၊ ဖဒိုအောင်ဆန်း ၊ ဖုန်ကြားရှင်-ရန်မိုးလျံ ကိုးကန့် အရေးအခင်း အစရှိသည့် ဖြစ်စဉ်များတွင် အနီးကပ် အမှုထမ်းခဲ့ ပါ သည်။
စာရေးသူ ကိုယ်တိုင် လူသာဓု နတ်သာဓု ခေါ်ရမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ထဲထဲဝင်ဝင် ပါဝင်ခွင့် ရခဲ့သည့် အတွက်လဲ ထိုစဉ်က ၀မ်းသာပီတိ ဖြစ်မိခဲ့ပါသည်။ ကိုယ်တိုင် တိုင်ရင်းသား နယ်မြေများ၌ နှစ်အတန်ကြာ စစ်ဆင်ရေး တာဝန်များ ထမ်းဆောင်ခဲ့ဘူးသဖြင့် ဖြောင့်မတ်ရိုးသားသော တိုင်းရင်းသား လူမျိုးများ၏ စိတ်စေတနာကောင်းများ သိ ရှိနားလည်သူ ဖြစ်သည့် အတွက်ကြောင့်လည်း တာဝန်အပြင် ခံစားမှုဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တက်တက် ကြွ ကြွ ဆောင်ရွက်ခဲ့ပါသည်။ တိုင်းရင်းသားဒေသများသည် နှစ်ပေါင်းများစွာ စစ်ဘေးစစ်ဒဏ် အသင့်ခံခဲ့ရခြင်းကြောင့်လဲ ဖွံ့ဖြိုးမှုများစွာ နောက်ကျလျက် ရှိပါသည်။
စာရေးသူတို့အား မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုင်ရာ မူဝါဒ လမ်းညွှန်ချက်မှာ ပြည်ထောင်စု မြန်မာ နိုင်ငံအနေဖြင့် ငြိမ်းချမ်းမှုမရှိလျှင် နိုင်ငံရေး ၊ စီးပွားရေး တည်ငြိမ်မှု မရနိုင်သလို တိုင်းပြည် ဖွံ့ဖြိုးရေး နှောင့်နှေးသွား မည် ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား ငြိမ်းချမ်းရေး ကမ်းလှမ်းသည့် အခါတွင် ယခင် ခေတ်အဆက်ဆက် အစိုးရများနှင့်မတူ လက်နက်ချခိုင်းခြင်း မူကို ရှောင်ရှားပြီး လက်နက်ကိုင်၍ ငြိမ်းချမ်းရေး လုပ်မည် ဆိုသည့် မူကို ချမှတ်ခဲ့ပါသည်။

တကယ်တမ်းစစ်အာဏာရှင် ခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင် အေးတို့၏ စိတ်ထဲတွင် တိုင်းရင်းသားများအပေါ် မယုံသင်္ကာ အရိုးစွဲနေပြီး လက်နက်ချခိုင်းရေးစိတ် အမြဲတမ်း ကိန်း ဝပ်နေသည်။ သူတို့နှစ်ဦးက လေးလပတ် အစည်းအဝေး ကျင်းပတိုင်း မကြာခဏဆိုသလို ဗကပ အသွင်ပြောင်း ကိုး ကန့်နှင့် UWSA တို့၏ မိုင်းယောင်းနှင့် မိုင်းယန်းတိုက်ပွဲလိုမျိုး၊ နေ့မြင်ညပျောက် 106 စကားပုံတွင်သွားသည့် တိုင်းရင်း သားလက်နက်ကိုင် တို့၏ လက်သံပြောင်တိုက်ပွဲများ (ခမရ 106 တပ်ရင်းတစ်ရင်းလုံး ညပိုင်း ခြုံခိုတိုက်ခံရလို့ ဖွဲ့စည်းပုံ ပျက်ကာ အကျအဆုံးများခဲ့ရသည်)၊ အင်းစိန်တိုက်ပွဲကဲ့သို့ KNU တိုက်ပွဲများတွေကို ပြန်ပြောင်း ပြောဆိုနာကြည်းနေ ဟန်ရှိနေကြောင်း ကြားသိရပါသည်။
လုပ်ငန်းစဉ်အနေဖြင့် ပထမဦးစွာ အပစ်အခတ် ရပ်စဲရေးအတွက် ဒို့တာဝန် အရေးသုံးပါး ဖြစ်သည့် ပြည်ထောင်စု မပြို ကွဲရေး ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ အနေဖြင့် လက်ခံလျှင် စတင်၍ နှစ်ဦးနှစ်ဘက် စကားပြောမည်။ ဒုတိယ အချက်အနေဖြင့် တပ်မတော် သည် ပြည်သူလူထုက ရွေးချယ်ထားသော ပြည်သူ့အစိုးရ မဟုတ်သည့် အတွက်ကြောင့် မြန်မာနိုင်ငံ၏ အနာဂါတ်အ တွက် မဆုံးဖြတ်နိုင်ပါ။ ထို့ကြောင့် နိုင်ငံရေး ဆွေးနွေးမှုကို မလုပ်နိုင်သဖြင့်၊ နောင်တက်လာသော ပြည်သူ့အစိုးရ နှင့်သာ ဆွေးနွေးရန်ပါရှိပါသည်။ သို့သော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာဏာရလာပြီးနောက် အမျိုးသားညီလာခံတွင် ဆွေးနွေးခွင့်ပြုမည် ဟု ထပ်မံလမ်းညွှန်ခဲ့သည်။ တတိယ အချက်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော် မှားယွင်းပစ်ခတ်မှု မဖြစ်စေရေး နယ်မြေသတ်မှတ်ရမည်၊ နယ်မြေသတ်မှတ် ပြီးပါက နှစ်ဦးနှစ်ဘက် လက် နက်ကိုင်အဖွဲ့များ ဖြတ်သန်းခြင်း သို့မဟုတ် ၀င်ရောက်မည် ဆိုပါက ကြိုတင်ခွင့်ပြုချက် ယူရမည်။

စတုတ္ထ အချက် အနေဖြင့် တိုင်းရင်းသားနယ်မြေ ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို အထူးစီးပွားရေး လုပ်ပိုင်ခွင့်များ ချပေးပြီး ရရှိသော ၀င်ငွေများဖြင့် မိမိတို့၏ နယ်မြေများတွင် မိမိတို့လူမျိုး များ ဖွံ့ဖြိုးရေးဆောင်ရွက်သလို တပ်မတော် မှလည်း သင့်တော်သည့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ပေးမည်။ ပဉ္စမ အချက်အနေဖြင့် ယုံကြည်မှု တည်ဆောက်စဉ် ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် တပ်မ တော် ထောက်လှမ်းရေး ဌာနဖြင့် ညှိနှိုင်းဆောင်ရွက်သွားရန်တို့ ဖြစ်ပါသည်။
(အပိုင်း (၂) ဆက်ရန်။
(အပိုင်း (၂) ဆက်ရန်။
ဆောင်းပါးရှင် - ဗိုလ်မှူး အောင်လင်းထွဋ်
0 comments:
Post a Comment