7:07 PM
၂၀၁၃ ခုနှစ်အတွင်း ကားတင်သွင်းရာတွင် လျှောက်ထားရမည့် ကား CIF ဈေးနှုန်းသစ်များထုတ်ပြန် ယဉ်ကြောဆိုးရွားစွာ ကျပ်တည်းမှုကို ဖြေရှင်းရန်အတွက် လမ်းတိုးချဲ့မှု အဆင်သင့်မဖြစ်မီ ကာလအတွင်း လမ်းဧရိယာနှင့် ကိုက်ညီသည့် ကားအစီးရေကိုသာ နှစ်စဉ်တင်သွင်းခွင့်ပြုရန် စတင်စီစဉ်
Posted by nankeythioo
![]()
ရန်ကုန်မြို့ရှိ ဦးထောင်ဘိုအ၀ိုင်းတွင် ယာဉ်ကြောကြပ်နေမှုကို ဒီဇင်ဘာလ ၁၄ ရက်နေ့ကတွေ့ရစဉ်
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ ကားတင်သွင်းသူများ
လိုင်စင်လျှောက်ထားရာတွင် အသုံးပြုရမည့် မော်တော်ယာဉ် CIF ဈေးနှုန်းများကို
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း
သတင်းရရှိသည်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ ယာဉ်အိုယာဉ်ဟောင်း
အပ်နှံတင်သွင်းသူများ အနေဖြင့် ၁၉၉၇ မော်ဒယ်မှ ၂၀၀၇ မော်ဒယ်ကြား ကားများ
တင်သွင်းရမည်ဖြစ်ပြီး တစ်ဦးချင်း၊ ကုမ္ပဏီ၊ ပြည်ပတွင်သွားရောက် လုပ်ကိုင်သူ၊
နိုင်ငံခြားရေး ၀န်ထမ်းများ စသည်ဖြင့် တစ်ဦးချင်း တင်သွင်းမည့်သူများမှာ
၂၀၀၈ မော်ဒယ်မှ ၂၀၁၃ မော်ဒယ်ကြား တင်သွင်းရန် သတ်မှတ်ထားသည်။
ဒီဇင်ဘာလ ၂၀ ရက်နေ့က စတင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခု ထုတ်ပြန်သည့်
မော်တော်ယာဉ် မျိုးစုံအတွက် CIF ဈေးများမှာ ကားအမျိုးအစား အချို့မှလွဲ၍
ယခင်ဈေးနှုန်းများနှင့် ကွာခြားမှု မရှိကြောင်း၊ ယခင် ဒီဇယ်အင်ဂျင်နှင့်
ဓာတ်ဆီအင်ဂျင် ဈေးနှုန်းတူနေမှုအား ပြန်လည်ခွဲထုတ်ခြင်း၊ ဥရောပထုတ်
ကားများအား ဈေးနှုန်း အနည်းငယ်လျှော့ချခြင်း အချို့သာ ရှိကြောင်း သိရသည်။
အများစု ၀ယ်ယူအသုံးပြုနေသည့် အင်ဂျင်ပါဝါ ၁၃၅၀ စီစီအောက်
ကားများအနေဖြင့်လည်း ယခင်သတ်မှတ်ထားသည့်အတိုင်း အမေရိကန် ဒေါ်လာ ၅၀၀၀ ဖြင့်
တင်သွင်းရမည် ဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ် မော်ဒယ် တစ်မျိုးတည်းကိုသာ
ပေါက်ဈေး သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၁၄ နှစ်ကြာ ကားတင်သွင်းခွင့် ပိတ်ပင်ထားမှုအား ၂၀၁၁
ခုနှစ် စက်တင်ဘာလမှစ၍ အကန့်အသတ်ဖြင့် ပြန်လည်တင်သွင်းခွင့် ပေးခဲ့ပြီးနောက်
ယခုအချိန်အထိ ကားအစီးရေ ၁၅၀၀၀၀ ကျော် တင်သွင်းရန်အတွက်
လိုင်စင်ချထားပေးပြီး ဖြစ်ကြောင်း သိရသည်။
ကားသစ်များစွာ တိုးလာပြီးနောက်ပိုင်း ရန်ကုန်တွင် ယာဉ်ကြောပိတ်ဆို့မှုမှာ
ဆိုးရွားစွာ ဖြစ်ပေါ်လာသည့်အတွက် ကားကျပ်မှုအား ဖြေရှင်းရန် လမ်းတိုးချဲ့မှု
အဆင်သင့်မဖြစ်မီ ကာလအတွင်း လမ်းဧရိယာနှင့် ကိုက်ညီသည့် ကားအစီးရေကို
တွက်ချက်ပြီး အဆိုပါ အစီးရေအတိုင်း တင်သွင်းခွင့်ပြုမည့် အစီအစဉ်တစ်ရပ်ကို
စတင်ဆွေးနွေးလျက် ရှိသည်ဟု သိရသည်။
“ဒီပုံစံအတိုင်းသာ ဆက်ပြီးတင်သွင်းရင် လာမယ့်နှစ်မှာ
ကားတင်သွင်းခွင့်ကို လုံးဝရပ်ပစ်လိုက်ရတဲ့အထိ ဖြစ်သွားနိုင်တယ်။
အခုရန်ကုန်မှာ လမ်းကြိုလမ်းကြားကအစ ဘယ်နေရာဖြစ်ဖြစ် ကားမကျပ်တဲ့နေရာ
မရှိတော့ဘူး။ ခုံးကျော်တွေကလည်း သတ်မှတ်ချိန်အတွင်း အပြီးမဆောက်နိုင်ဘူး။
မိုးတွင်းမှာတော့ အဆိုးဆုံး အနေအထား ကြုံရတော့မယ်။ ဘတ်စ်ကား အားထားရတဲ့
အများပြည်သူအနေနဲ့ အခုတောင် ရုံးဆင်းရုံးတက်အတွက် ကားပေါ်မှာပဲ တစ်ရက်ကို
နှစ်နာရီကနေ ၄ နာရီလောက် အထိ အချိန်ပေး စီးနေရတာ။ အဲဒီအတွက်
အသင်းအနေနဲ့ရော၊ တာဝန်ရှိတဲ့သူတွေကပါ ဥပမာ-တစ်နှစ်ကို မြန်မာနိုင်ငံအနေနဲ့
ကားဘယ်လောက် သွင်းမယ်ဆိုတာမျိုး ကန့်သတ်ပြီး ထိန်းသိမ်းဖို့ စဆွေးနွေးပြီ။
နောက်တစ်ချက်က တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် ယာဉ်မှတ်ပုံတင်ကိုခွဲပြီး
ထုတ်ပေးဖို့လည်း စပြီးဆွေးနွေးနေပါပြီ။ အဓိကအချက်ကတော့ လမ်းတိုးချဲ့မှု
အဆင်သင့်မဖြစ်ခင် ခဏတာ ကန့်သတ်ပြီး ထိန်းဖို့စီစဉ်တဲ့ သဘောပါ။ လမ်းဧရိယာ
တက်လာသလောက် နှစ်အလိုက်တိုးပြီး ခွင့်ပြုသွားဖို့ရှိတယ်” ဟု မြန်မာနိုင်ငံ
မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု လုပ်ငန်းရှင်များအသင်းမှ
တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှု အစီအစဉ်ကိုမူ ကန့်သတ်မှုမရှိဘဲ ပုံမှန်အတိုင်း
ပေးသွားရန်ရှိပြီး လူတစ်ဦးချင်း တင်သွင်းမှုကိုသာ တွက်ချက် ထိန်းသိမ်းမည့်
အစီအစဉ်ကို အဓိကထား ဆွေးနွေးကြောင်း သိရသည်။
မော်တော်ယာဉ် အစားထိုးစီမံချက်အရ ၂၀၁၁ ခုနှစ် အောက်တိုဘာလမှ ၂၀၁၂ ခုနှစ်
ဒီဇင်ဘာလ ၁၄ ရက်အထိ မော်တော်ယာဉ် ၁၁၈၈၇၇ စီးတင်သွင်းခဲ့ပြီး ဖြစ်ပါသည်။
ယာဉ်အိုယာဉ်ဟောင်းအစား ထိုးလဲလှယ်ရေး စီမံချက်ဖြင့် ၅၉၃၇၈ စီး၊
ကားအရောင်းပြခန်းများအတွက် တင်သွင်းလာသည့် မော်တော်ယာဉ် ၂၄၃၉၂ စီး၊
သင်္ဘောသားပါမစ်ဖြင့် ၂၈၇၂ စီး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ပါမစ် ၂၇၈ စီး၊
ကုမ္ပဏီပါမစ် ၇၀၀ စီး၊ ပြည်ပတွင် အလုပ်လုပ်နေသည့် နိုင်ငံသားများအား
တင်သွင်းခွင့်ပေးသည့် ပါမစ် ၄၀ စီး၊ ဟိုတယ်/ခရီး ၀န်ကြီးဌာနပါမစ် ၁၉၉၇ စီး၊
စစ်သံ ၁၀၁ စီးနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်း တင်သွင်းလာမှု ၂၉၁၁၉
စီးဖြစ်ကြောင်း သိရသည်။
“၂၀၁၁ စက်တင်ဘာမှာ ယာဉ်အိုယာဉ်ဟောင်း စပြီးသွင်းတာ ခုဆိုရင် ၁၅ လရှိပြီ။
အစီးရေ ၆၀၀၀၀ ကျော် တင်သွင်းထားတယ်။ လူတစ်ဦးချင်း ပါမစ်ကို ၂၀၁၂ ခုနှစ်
မေလမှာ စထုတ်ပေးတယ်၊ ခြောက်လအတွင်း သွင်းတာအစီး ၃၀၀၀၀ ဖြစ်နေပြီ။
လူတစ်ဦးချင်း တင်သွင်းတဲ့နှုန်းက အရမ်းတက်လာတာ။ ရန်ကုန်မှာ လက်ရှိလမ်းမိုင်က
၂၇၆၀ ကျော်နဲ့ လမ်းပေါင်း ၁၂၀၀၀၀ ကျော်ရှိတယ်လို့ ထုတ်ပြန်ထားတယ်။ အခု
လက်ရှိကားနဲ့တင် လမ်းတိုင်းကျပ်နေပြီ။ နောက်ထပ် အစီးရေ သိန်းနဲ့ချီ
ဝင်လာရင် ဘာဖြစ်မလဲဆိုတာ တွေးလို့ရပါတယ်” ဟု ဘတ်စ်ကားလိုင်း တည်ထောင်ထားသူ
လုပ်ငန်းရှင်တစ်ဦးက တွက်ချက် ပြောကြားခဲ့သည်။
ရန်ကုန်တွင် ဘတ်စ်ကား အားထားနေရသူ အများပြည်သူအနေဖြင့် အလုပ်သွား
အလုပ်ပြန်အတွက် ကားစီးချိန် သီးသန့်တစ်ရက်လျှင် ၂ နာရီ မှ ၄ နာရီအထိ
ပေးနေရသည်အထိ ကားလမ်းကျပ်မှုဒဏ် ခံနေရသည်။
“ကားဈေးတက်လာမှာကိုလည်း မလိုလားဘူး။ ယာဉ်ကြောပိတ်ဆို့တဲ့ဒဏ်
အများပြည်သူ ခံနေရတာကိုလည်း မရှင်းပဲထားလို့ မရဘူး။ မြန်မာနိုင်ငံမှာ
လမ်းမိုင်၊ လမ်းအကျယ်ကို တစ်နှစ်ဘယ်လောက် ချဲ့ထွင်နိုင်မယ်၊ တစ်နှစ်ကို
ကားအစီးရေ ဘယ်လောက်ပဲ သွင်းသင့်တယ်ဆိုတာ တွက်ချက်ရမယ်။ တိုင်းဒေသကြီးနဲ့
ပြည်နယ်အလိုက် နံပါတ်တွေပေး၊ မှတ်ပုံတင်ခွင့်ပြု။ ရန်ကုန်နဲ့ မန္တလေးမှာ
မသုံးနဲ့ နယ်မှာပဲသုံးဖို့ လုပ်ရမယ်။ နယ်အတွက် သွင်းတာကို မှတ်ပုံတင်ကြေး
လုံးဝမကောက်နဲ့။ ဒါဆိုရင် နယ်ကလူတွေ အနေနဲ့ ၁၃၀၀ စီစီ ကားလောက်ကို
ကျပ်သိန်း ၇၀၊ ၈၀ လောက်နဲ့ စီးလို့ရပြီ။ နယ်နဲ့ကိုက်တဲ့ SUV Wagon
တွေကိုလည်း တန်ဖိုးသက်သက်သာသာနဲ့ နယ်မှာစီးရမယ်။ ဒီလိုလုပ်တဲ့အတွက်
နယ်ကလူတွေလည်း ကားပိုစီးလာနိုင်သလို နယ်မှာဖြစ်နေတဲ့ လိုင်စင်မဲ့ကား
ပြဿနာလည်း အေးသွားမယ်။ ရန်ကုန်နဲ့ မန္တလေးကိုတော့ တင်သွင်းနိုင်တဲ့ အရေအတွက်
တွက်ချက်ပြီး သွင်းလာတဲ့ ကားအပေါ်မှာလည်း မှတ်ပုံတင်ကြေး တိုးသတ်မှတ်၊ ဥပမာ
-၁၃၀၀ စီစီကို ၁၀၀ ရာခိုင်နှုန်း အပြည့်ကောက်၊ ၂၀၀၀ စီစီနဲ့ အထက်ကို ၁၂၀
ရာခိုင်နှုန်းကောက်၊ ၅၀၀၀ စီစီအထက်ကို ၁၅၀ ရာခိုင်နှုန်းအထိ ကောက်ပြီး
တိုးယူတဲ့နည်းနဲ့ ထိန်းချုပ်ရင် ကားတွေ ဒလဟော မ၀င်တော့ဘူး။
လက်ရှိရန်ကုန်မှာက တစ်အိမ်ထဲကို ကားလေးငါးခြောက်စီး ထားပြီး
စီးနေတာတွေရှိတယ်။ ရန်ကုန်မှာ ကားမကျပ်တဲ့နေရာ မရှိတော့ဘူး။ ကားစီးနိုင်တဲ့
သူတွေအတွက် ကားမစီးနိုင်တဲ့ သူတွေကပါ ဒုက္ခကို ၀င်ထမ်းနေရတယ်။
ရန်ကုန်နဲ့မန္တလေးမှာ လမ်းတွေပြင်ဆင်နေတဲ့ ကာလအတွင်းတော့ နယ်ကကားတွေကို
အ၀င်ခံလို့မရဘူး။ ပြင်ဆင်ပြီးရင်တော့ သုံးခွင့်ပေးပေါ့။
လမ်းပြင်ဆင်ပြီးပြီဆိုရင် ရန်ကုန်နဲ့ မန္တလေးကို ကားသွင်းခွင့်
ပိုတိုးပေးတဲ့နည်းနဲ့ သွားသင့်တယ်” ဟု ကုန်ထုတ်လုပ်ဖြန့်ဖြူးသူ
လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
|
0 comments:
Post a Comment