
နိုဝင်ဘာ ၁၁ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဘိတ်-ထားဝယ်ခရိုင် ထိန်းချုပ်နယ်မြေရှိ ကရင်ကျေးရွာများမှ အစိုးရစာသင်ကျောင်း များတွင် အစိုးရ၏ ကျောင်းသင်ရိုးညွှန်းတမ်းကို ထိခိုက်မှု မရှိပါက ကရင်စာပေသင်ကြားနိုင်ပြီဟု ကေအဲန်ယူနှင့် ဆွေးနွေးရာ၌ တနင်္သာရီတိုင်းဒေသကြီးအစိုးရတို့က သဘောတူလိုက်ကြောင်း သိရသည်။ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစောဘီးလယ် ဦးဆောင်သောအဖွဲ့နှင့် တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ် ကို အပါအ၀င် အစိုးရ တာဝန်ရှိသူအချို့သည် ယခုလ နိုဝင်ဘာ ၈ရက်နေ့က ထားဝယ်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ထိုသို့ နှစ်ဖက် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။
“တနင်္သာရီတိုင်းမှူး ဝန်ကြီးချုပ်နဲ့ အခြားဝန်ကြီးတို့က ပုံမှန် ကျောင်းသင်ရိုးညွှန်းတမ်းကို မထိခိုက်ဘူးဆိုရင် ကရင်ရွာတွေမှာ ကရင်စာသင်ဖို့ နားလည်ခွင့်ပြုပေးတယ်။”ဟု ပဒိုစောဘီးလယ်က ပြောကြားကြောင်း ကွယ်ကလူသတင်းဝက်ဘ်ဆိုဒ်တွင် ဖော် ပြထားသည်။
အဆိုပါ အစိုးရနှင့် သဘောတူညီမှုတွင် တနင်္သာရီတိုင်း၊ ကရင်ကျေးရွာများရှိ စာသင်ကျောင်းများမှ ကျောင်းသားကျောင်းသူများ ကျောင်းတက်သည့်အခါ ကရင်ဝတ်စုံ ၀တ်ဆင်နိုင်ကြောင်း သဘောတူညီမှု ရရှိခဲ့သော်လည်း ယင်းစာသင်ကျောင်းများတွင် ကရင်အမျိုးသားအလံတော် လွှင့်ထူရန်ကိုမူ တိုင်းအစိုးရဘက်မှ ဆုံးဖြတ်ချက်မပေးနိုင်ခဲ့ကြောင်း သူက ဆက်ပြောသည်။
ရန်ကုန်အခြေစိုက် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မန်းသိုက်ထွန်းက “အခု တနင်္သာရီဒေသအချို့ ခွင့်ပြုပြီး တခြားကရင် ဒေသတွေ ဘာလို့ခွင့်မပြုလဲ မေးစရာဖြစ်လာမယ်။ တကယ်တော့ ကိုယ့်တိုင်းရင်းသား ဘာသာစကား ယဉ်ကျေးမှုဆို တာ ဘာခွင့်ပြုမိန့်မှ တောင်းစရာမလိုဘူး။ ကိုယ့်တိုင်းရင်းသားစာပေ၊ ကိုယ့်ဝတ်စုံ၊ ကိုယ့်ယဉ်ကျေးမှုကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိတယ်။”ဟု သူ၏အမြင်ကို ပြောသည်။
ယခုသဘောတူညီထားမှုတွင် ကရင်စာကို တစ်ပတ်လျှင်တစ်ကြိမ်သင်ကြားရန်နှင့် ကရင်ဝတ်စုံကို တစ်ပတ်တစ်ကြိမ် ၀တ်ဆင် ရန် သဘောတူခဲ့ကြသော်လည်း အကောင်အထည်ဖော်နိုင်ရေးကို ထိုဒေသအတွင်းရှိ စာသင်ကျောင်းများနှင့် ဆက်လက် ဆွေး နွေးညှိနှိုင်းကာ အကောင်းဆုံးနည်းလမ်းများဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်ဘက်က ပြောဆိုသည်။
၂၀၁၂ခုနှစ်က အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲတွင် ကေအဲန်ယူဘက်က ပါဝင်ခဲ့သူ နော်မေဦးက “ဒီသဘော တူညီချက်အတိုင်းဆိုရင် ကရင်တွေ နေထိုင်တဲ့ နေရာတစ်ခုက ကရင်အတွက်သာ ဖြစ်နေတယ်။ တကယ်လို့ တနင်္သာရီဒေသ အတွက်ဆိုရင် ကရင်အတွက်သာမဟုတ်ဘဲ အားလုံးအတွက် ဖြစ်ရမယ်။ ခု သဘောတူညီချက်ကတော့ ကရင်အားလုံးနဲ့ ကျန် တိုင်းရင်းသားလူမျိုးစုတွေကိုလည်း ခွဲခြားတာပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်အမျိုးသားအစည်းအရုံးနှင့် မြန်မာအစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်း ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် ခေါင်းဆောင်များနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တို့ တွေ့ဆုံမှုမှာ ယခုတကြိမ်သည် ပထမဆုံး ဖြစ်သည်။
0 comments:
Post a Comment