ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts


အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။       ။ အိန္ဒိယနိုင်ငံတဝှမ်းတွင် ထွက်ပေါ်လျက်ရှိသော လူမျိုးရေး ပဋိပက္ခများနှင့် ပတ်သက် သည့် ကောလာဟလ သတင်းများကြောင့် ဗုဒ္ဓဂါယာနှင့် ဗာရာဏသီမြို့များရှိ မြန်မာ စာသင်သား ရဟန်းတော်များ အနေဖြင့် အနည်းငယ် စိတ်ပူပန်ခဲ့သော်လည်း အေးချမ်းစွာပင် စာပေသင်ကြား လျက်ရှိကြောင်း သိရသည်။

အိန္ဒိယ အရှေ့မြောက်ပိုင်းရှိ အာသံပြည်နယ်နှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဒေသခံ တိုင်းရင်းသား များနှင့် မူဆလင် ဘာသာဝင်များအကြား အကြမ်းဖက်မှုများနှင့် တင်းမာနေမှု သတင်းများကြောင့် အိန္ဒိယနိုင်ငံတွင် ပညာသင်ကြားနေသော ဗုဒ္ဓဘာသာ မြန်မာရဟန်းတော်များအကြား စိုးရိမ်ကြောင့်ကြမှု အနည်းငယ် ဖြစ်ပွားခဲ့ရကြောင်း ဥတ္တရ ပရာဒေ့ရှ် UP ပြည်နယ် ဗာရာဏသီ ဟိန္ဒူတက္ကသိုလ် BHU တွင် တက်ရောက်နေသည့် ဦးနိပုဏလင်္ကာရ က မိန့်ကြားသည်။

“ပြဿနာတွေ ဖြစ်ကြတော့ သတင်းတွေက တော်တော်လေး ကြီးလာတယ်လေ။ အဲဒီအခါကျတော့ တယောက်နဲ့ တယောက် သတိပေးလာကြတယ်။ အရှင်ဘုရားတို့ မြို့ထဲ သွားတဲ့အခါ တပါးတည်း မသွားကြဖို့၊ စိုးရိမ်စိတ်ကတော့ ဒီရက်ပိုင်းမှာ အားလုံးရှိကြတယ်” ဟု မဇ္ဈိမကို မိန့်ကြားသည်။

ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီ မူဆလင်များအကြား ဇွန်လအတွင်းက အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သလို အိန္ဒိယနိုင်ငံ အာသံပြည်နယ်ရှိ ဘိုရို လူမျိုးစုများနှင့် ဘင်္ဂလားဒေ့ရှ်မှ ဝင်ရောက်လာသည်ဟု ဆိုသော မူဆလင်များ အကြား ဇူလိုင်လအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူပေါင်း ၈ဝ ခန့် သေဆုံးခဲ့ရသည်။

သြဂုတ်လ ၁၁ ရက်နေ့တွင် မုံဘိုင်းမြို့ကြီးရှိ မူဆလင်များ သောင်းနှင့်ချီ၍ ငြိမ်းချမ်းစွာ ဆန္ဒပြကြစဉ် မသမာသူတစုက ဝင်ရောက်အကြမ်းဖက်၍ ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ရပြီး သတင်းမီဒီယာသမားများလည်း ရိုက်နှက်ခံခဲ့ရသည်။

၎င်းနောက်တွင် အရှေ့မြောက်ပိုင်းရှိ ပြည်နယ်သားများအပေါ် အကြမ်းဖက် တိုက်ခိုက်မည် ဟူသည့် ခြောက်ခြားဖွယ်
ခြိမ်းခြောက်မှုများ ကောလာဟလအဖြစ် ဖေ့စ်ဘွတ်နှင့် မိုဘိုင်း မက်ဆေ့ခ်ျများမှတဆင့် ပျံ့နှံ့လာခဲ့သည်။

အစိုးရ တာဝန်ရှိသူများနှင့် ရဲဌာနမှ ထို ကောလာဟလများနှင့်ပတ်သက်၍ စိုးရိမ်ကြောင့်လန့်ခြင်း မရှိရန် ကတိကဝတ် များ ပြုထားသော်လည်း မုံဘိုင်း၊ ဘန်ဂလို၊ ချန်နိုင်း စသည့် ပြည်မကြီးရှိ မြို့များတွင် အရှေ့မြောက်ပြည်နယ်များမှ လာရောက် အလုပ်လုပ်ကိုင်နေသူများနှင့် ကျောင်းသူ ကျောင်းသားများမှာ ၎င်းတို့နေရပ်သို့ သောင်းနှင့်ချီ၍ ပြန်လည် ထွက်ခွါသွားခဲ့ကြသည်။

ထိုသို့သော အခြေအနေတွင် အိန္ဒိယ အရှေ့မြောက် ပြည်နယ်သားများနှင့် ရုပ်သွင်ပြင် ဆင်ဆင်တူသည့်
မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာ ရဟန်းသံဃာများအနေနှင့်လည်း လုံခြုံရေးအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

“သတင်းတွေက အများကြီး။ ခက်တာက ကောလာဟလတွေ ဖြစ်နေတာဆိုတော့ သတိတော့ ထားပါတယ်။ သတင်းကိုတော့ အမြဲမပြတ် နားထောင်စေချင်တယ်။ ထွက်ပေါ်လာနေတဲ့သတင်းတွေကိုလည်း ချင့်ချိန်ပြီးတော့မှ လက်ခံကြဖို့ပေါ့” ဟု ဘီဟားပြည်နယ် ဂါယာမြို့ရှိ မဂဓ တက္ကသိုလ်တွင် တက်ရောက်နေသည့် ဦးအရုဏ က မိန့်ကြားသည်။

သို့သော် လက်ရှိအချိန်အထိ လုံခြုံရေး ထိခိုက်စေလောက်သော အရိပ်အယောင် မတွေ့ရသေးဘဲ ကောင်းမွန်စွာ သီတင်းသုံးနေနိုင်ကြောင်းလည်း သိရသည်။

“ဦးပဉ္စင်းတို့ အခုနေတာ နိုင်ငံခြားကျောင်းသား အဆောင်မှာ နေတာလေ။ ဘာသာပေါင်းစုံနဲ့။ မူဆလင်၊ ဟိန္ဒူ၊ ခရစ်ယာန် ဘာသာပေါင်းစုံ စုပေါင်းပြီး နေကြတာပဲ။ မူဆလင်နဲ့ ဗုဒ္ဓဘာသာ ဖြစ်တာမျိုးလည်း ဘာမှ မရှိဘူး။ ဘာသာရေးနဲ့ ပါတ်သက်တဲ့ ပြဿနာ တခုခု မဖြစ်ဖူးသေးဘူး” ဟု ဦးနိပူဏလင်္ကာရ က မိန့်ကြားသည်။

ဟိန္ဒူ- မူဆလင် အဓိကရုဏ်းများ ဖြစ်ပွားခဲ့စဉ်ကလည်း ကျောင်းဆောင်များတွင် အိန္ဒိယအစိုးရမှ လုံခြုံရေး ရဲဝန်ထမ်းများ ထားရှိကာ စောင့်ရှောက်ပေးခဲ့ဖူးကြောင်းလည်း ဆက်လက်မိန့်ကြားသည်။

မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ တိဘက်နှင့် ကိုးရီးယား နိုင်ငံတို့မှ စာသင်သား ရဟန်းတော် အပါး ၃ဝဝ ခန့် ဗာရာဏသီမြို့တွင် ဗုဒ္ဓစာပေများ လာရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင်း ပြဿနာများမှာလည်း “ဘာသာရေးပြဿနာ မဟုတ်ဘူး။ လူမျိုးရေး တခုနဲ့တခု
ဖြစ်နေတဲ့ ပြဿနာပဲလေ။ ပြေပြေလည်လည် ဖြေရှင်းသွားရင် ပြေလည်သွားမှာပါ။ မလိုလားအပ်တဲ့ ဖွတာတွေ။ သတင်းတွေကို အမှန်အတိုင်း နှစ်ဖက် မျှမေးပြီး လွှင့်ပေးဖို့ပါ” ဟု ဦးနိပုဏ က မိန့်ဆိုသည်။

ဂါယာမြို့တွင်လည်း မြန်မာရဟန်းတော် အပါး ၈ဝ ခန့်ရှိပြီး လုံခြုံရေး စိုးရိမ်စရာ မရှိကြောင်း သိရသည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...