ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts


အစိုးရ၏ လဂျားယန် ပွိုင့်တခုကို KIA ပြန်လည် သိမ်းပိုက် နိုင်ခဲ့ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မဟာမိတ် ပူးပေါင်း တပ်ဖွဲ့တို့သည်၊ ကြည်းကြောင်း၊ လေကြောင်းနှင့် အမြောက်ကြီးများ၏  တလစပ် ပစ်ခတ် မှုဖြင့် အကာအကွယ် ရနေသော လဂျားယန်ရှိ အစိုးရ တပ်များ သိမ်းပိုက် ထားသော တောင်ကုန်း တခုကို ယနေ့ (၂း ၁၅) နာရီ တွင် ပြန်လည် သိမ်းပိုက် နိုင်ခဲ့သည်ဟု ABSDF မြောက်ပိုင်း ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မင်းဌေးက ဆိုပါသည်။
“ လေယာဉ်ရော အမြောက်ရော ပြင်းပြင်း ထန်ထန် ပစ်နေတဲ့ ကုန်းနှစ်ကုန်း ကနေ ကျနော်တို့ ဆုတ်ပေး ထားတယ်။ အဲဒီ ကုန်းကို အစိုးရ တပ်တွေ ၀င်သိမ်းတယ် မနေ့ ကပေါ့။ ဒီနေ့ ကျတော့ လက်နက် ကြီးနဲ့ လေယာဉ်ဗုံးကျဲ ဒဏ်ကနေ လွတ်တာနဲ့ ကျနော်တို့ တက်ပြီး သိမ်းလိုက် တာပါ။ တက်သိမ်း ပြီးတာနဲ့ အစိုးရ ဖက်က မြေပြင် တပ်ရော လက်နက် ကြီးတွေရော တိုက်လေယာဉ် နဲ့ရော တလစပ် ထပ်မံ ပစ်ခတ် တော့တာပါဘဲ” ဟု ဗိုလ်မှူး မင်းဌေးမှ ဆိုပါသည်။  

လဂျားယန် စစ်မြေပြင်သည် KIA ဌာနချုပ် လိုင်ဇာကို သိမ်းပိုက်ရန် အချက်အချာ ကျသော နေရာ ဖြစ်ပါသည်။ ဤလမ်း ကြောင်းသည် ဗန်မော်-လိုင်ဇာ လမ်းကြောင်း၏ စစ်ဆင်ရေး အပိုင်း ဖြစ်ပါသည်။ ဤ လမ်းကြောင်းကို ထိုးဖေါက်နိုင် ရန် အစိုးရ တပ်ဖွဲ့များသည် အင်အား တထောင် ကျော်နှင့် ၁၀၅ မမနှင့် ၁၂၀ မမ လက်နက် ကြီးများ အပါဝင် လေကြောင်း အကူပါ တိုက်ခိုက် နေခြင်း ဖြစ်ပါသည်။ ဤကဲ့သို့ ပြင်းထန်စွာ စစ်ဆင် နေသည့် ကြားမှ KIA နှင့် ABSDF ပူးပေါင်း တပ်ဖွဲ့ တို့က အရေးကြီး တောင်ကုန်း တခုကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

အစိုးရ တပ်များသည် ဆက်လက် ချီတက် နိုင်ရန် ဤ လဂျားယန် စစ်မြေပြင်ကို  (၁၀၅ မမ နှင့် ၁၂၀ မမ) လက်နက်ကြီး များဖြင့် နေ့ည မဆိုင်းဘဲ ပြင်းထန်စွာ တလစပ် ပစ်ခတ် နေခဲ့ ပါသည်။ ထို့အပြင် လေယာဉ် များကလည်း ယနေ့ နံနက် (၈) နာရီ အချိန်မှ စတင်ပြီး လိုက်လံ ဗုံးကျဲ နေခဲ့ ပါသည်။ တိုက်လေယာဉ် (၄) စီး သည် လေးကြိမ်မျှ ပစ်ခတ် ခဲ့ရာတွင် တကြိမ်လျှင် လေယာဉ် (၂)စီး သည် အပြိုင် တလစပ် ပစ်ခဲ့ အပြီးတွင် ထပ်မံ ဗုံးကျဲ သွားသည့် နည်းလမ်းကို အသုံးပြု ခဲ့ပါသည်။


ရှေ့တန်း တစ်နေရာမှ တိုက်ပွဲဝင် ကချင် စစ်သည် တဦးအား မြင်ရစဉ် (ဓါတ်ပုံ - Jadeland)ရှေ့တန်း တစ်နေရာမှ တိုက်ပွဲဝင် ကချင် စစ်သည် တဦးအား မြင်ရစဉ် (ဓါတ်ပုံ - Jadeland)
ဤကဲ့သို့ လေကြောင်း ပစ်ကူ ပေးပြီး နောက်ပိုင်း အစိုးရ တပ်များ ရှေ့တိုးရန် ကြိုးစား ချိန် KIA နှင့် ABSDF ပူးပေါင်း တပ်တို့၏ ချေမှုန်း ခြင်းကို ခံရပြီး အဆိုပါ တောင်ကုန်း ကိုပါ လက်လွှတ် လိုက်ရခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ဤသို့ကြောင့် ညနေ (၄)နာရီ အထိ တိုက်ပွဲများ ပြင်းထန်လျှက် ရှိပါသည်။

လဂျားယန် ဒေသ တဝိုက်သို့ ထိုးစစ် ဆင်လာနေသည့် အစိုးတပ်များမှာ  တပ်မ ၁၀၁ လက်အောက်ခံ ခမရ ၃၁၇၊ ၄၁၄၊ ၄၁၆ တပ်ရင်းများနှင့် တပ်မ (၈၈) လက်အောက်ခံ တပ်ရင်း (၃) ရင်း အပြင် အခြားတပ်များလည်း ရှိကြောင်းနှင့် စုစုပေါင်း အင်အား (၁၀၀) ခန့် ရှိနိုင်ကြောင်း ABSDF က ဆိုပါသည်။

ဤစစ်ဆင် ရေး၏ ရှေ့တန်း ဗျူဟာရုံးမှာ  ဒေါ့ဖုန်ယန်း နားရှိ မန်မော် အရပ်၌ ရှိပါသည်။ အစိုးရသည် လဂျားယန် စခန်းများကို သိမ်းပိုက် နိုင်သည်နှင့် KIA နှင့် တွေ့ဆုံ ဆွေးနွေး ရေးကို ထပ်ဆင့် ခေါ်မည်ဟု တွက်ဆ ထားပါသည်။ အဘယ့်ကြောင့် ဆိုသော် KIA ဌာနချုပ်ကို သိမ်းပိုက် ခြင်းထက် လှုပ်ရှား၍ မရအောင် စိုးမိုး ထားပြီး ကျန်ရှိ နေသည့် KIA အင်အား များကို ထိမ်းသိမ်း နိုင်ရန် တွေ့ဆုံ ဆွေးနွေးသည့် နည်းကို ကျင့်သုံးမည်ဟု တွက်ဆ ခြင်းကြောင့် ဖြစ်ပါသည်။

အလားတူ ကချင်ပြည်နယ် မိုးကောင်း မြို့နယ် တောင်နီ ကျေးရွာရှိ အစိုးရ စစ်စခန်း တခုကိုလည်း ယနေ့ နံနက် ၂ နာရီ ဝန်းကျင်တွင် KIA က သိမ်းပိုက် လိုက်သည်ဟု KIA တပ်မဟာ (၂) မှ အရာရှိ တဦးက ပြောပါသည်။ ယင်း တိုက်ခိုက် မှုကို ကေအိုင်အေ တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၅) မှ တိုက်ခိုက် လိုက်ခြင်း ဖြစ်ပါသည်။

အဆိုပါ စခန်းတွင် ခရမ ၃၈၄ တပ်ဖွဲ့ များနှင့် ခလရ ၁၀၅ တပ်ရင်းမှ မန္တလေး- မြစ်ကြီးနားလမ်း လုံခြုံရေး ယူထားသည့် တပ်ဖွဲ့ များက နေရာယူ ထားပါသည်။ ထို့အပြင် KIA တပ်မဟာ (၄) ရှိ ကွတ်ခိုင် မြို့နယ် ၌လည်း တိုက်ပွဲများ ပြင်းထန် လျှက်ရှိ ကြောင်း တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့မှ ဆိုပါသည်။


2012-12-29
ကေအိုင်အို ရဲ့ အဓိကစခန်းဖြစ်တဲ့ လဂျားယန်စခန်းကို အစိုးရတပ်က မနေ့က ဂျက်တိုက် လေယာဉ်တွေနဲ့ အပြင်းအထန်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဒီနေ့မနက်ပိုင်းက စပြီး ခြေလျင်တပ် အင်အားအများအပြားနဲ့ ထိုးစစ် ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
(Photo: Kachin News Group
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ လက်ရှိ ဌာနချုပ်တည်ရာ လိုင်ဇာမြို့ စစ်ရေးပြ အခမ်းအနားတခုတွင် လက်နက်ကိုင် ကချင်စစ်သည်များကို တွေ့ရသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: Kachin News Group)
ဒီနေ့မနက် ၇ နာရီလောက်ကနေ စတင်ပြီးတော့  ကေအိုင်အို ဌာနချုပ်နဲ့ ၇ မိုင်လောက်ဝေးတဲ့ လန်ဂျားယန်စခန်းကို ဒေါ့ဖုန်းယန် အခြေစိုက် အစိုးရ အမြောက်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်သလို မြေပြင်တပ်တွေကလဲ အများအပြား ထိုးစစ်ဆင်လာတဲ့ အတွက်  တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်လို့ အဲဒီ စစ်မြေပြင်မှာ ရောက်နေတဲ့ ABSDF မြောက်ပိုင်းတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ကိုလဆိုင်းက ပြောပါတယ်။
ဒီမနက် ၇ နာရီခွဲ ၈ နာရီလောက်ကနေစတင်ပြီးတော့ သူတို့ခြေလျင်တပ်တွေထိုးတယ် လက်နက်ကြီးတွေနဲ့ပစ်တယ် ထိုးတယ် သူတို့ထိုးလို့မရတဲ့အခါကျတော့ ၁၂နာရီမိနစ် ၂၀ ၀န်းကျင်မှာ သူတို့တိုက်လေယာဉ်ပြန်လာတယ် ပစ်ကူပေးတယ် အခုတော့ သူတို့လေယာဉ်ပြန်ဆုတ်သွားပြီ လက်နက်ကြီးလှမ်းထုပြီးမှ သူတို့ပြန်ပြီးမှ ထိုးဖို့လိုက်နေကြတယ် အခုတက်လာတဲ့တပ်ကတော့ စကခ ၃ လက်အောက်ခံ ၃၈၁ တစ်ခုတော့ သိလိုက်ရတယ် နောက်ထပ်တော့ မသိရသေးဘူး တခြားတပ်တွေလဲ ပါပါအုံးမယ် ခလရ ၄၀၊ ၃၈၁ ၊ ၃၈၉ တို့ဖြစ်ဖို့များတယ်။”
တိုက်ပွဲကြောင့် နှစ်ဖက် ကျဆုံးတဲ့အခြေအနေကိုတော့ အခုအချိန်အထိ မသိရသေးတဲ့ အပြင် အစိုးရတပ်က ဗန်းမော်၊၀ိုင်းမော်နဲ့ရှတန်ပါ ဆိုတဲ့ နေရာတွေကနေ စစ်ကြောင်း ၃ကြောင်းနဲ့ အင်အားထောင်နဲ့ချီပြီးတော့ ကေအိုင်အို စခန်းတွေကို တိုက်ခိုက်နေတာဖြစ်တယ်လို့ ကိုလဆိုင်းက ဆက်ပြောပြပါတယ်။
“နမ့်ဆန်ယန်ဘက်ရယ်၊ ဒေါ့ဖုန်းယန်ဘက်မှာရယ် အခု လက်ဂျားယန်ရယ် ဗဟိုနယ်မြေပေါ့ ၃နေရာကို တခါတည်းသူက ထိုးစစ်ဆင်တဲ့အနေအထားရှိတယ်။ အသံတွေကြားနေရတာပေါ့ လက်ဂျားယန်ဘက်ထိုးလာတာကတော့ ကျနော်တို့ခန့်မှန်းအရဆိုရင် အင်အား ၄၀၀ ကျော် ၅၀၀ ၀န်းကျင်ရှိမယ်ထင်တာပဲ၊ သူတို့ကလဲ မရရအောင်ထိုးစစ်ဆင်နေမဲ့အနေအထားဖြစ်နေတဲ့ပုံပါပဲ”
လန်ဂျားယန်စခန်းကို အခုဒီဇင်ဘာလ ၁၄ ရက်နေ့ကတည်းက အစိုးရတပ်က အင်အား ၃၀၀ လောက်နဲ့ တစ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးဖြစ်ပါတယ်။
အဲဒီကာလက အကျအဆုံးများများနဲ့ဆုတ်ခွါသွားခဲ့ပြီး အခုတစ်ကြိမ်တော့ တပ်အင်အားတွေ ပိုများလာသလို လေကြောင်းပစ်ကူ တွေပါအသုံးပြုပြီးတော့ တိုက်ခိုက်နေတာဖြစ်ပါတယ်။
လဂျားယန်တပ်စခန်းကျသွားရင်တော့ ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာ ရဲ့ လုံခြုံရေးအခြေအနေက စိတ်မချရတော့ဘူးလို့သိရပါတယ်။ ဒါပေမဲ့ အဲဒီစခန်းကျဖို့ဆိုတာ အတော်နဲ့မလွယ်သလို အစိုးရတပ်က အရင်းအနှီးများများပေးရမယ်လို့ နယ်စပ်စစ်ရေးလေ့လာသူတွေက ဆိုကြပါတယ်။



K 05အဆိုပါ မူဝါဒများအရ စာရေးသူအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ရရှိရေး တက်ကြွစွာ ပါဝင်အမှုထမ်းခဲ့ပါသည်။ ထို့အတူတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ရရှိရေး အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသူများမှာ ဗိုလ်ချုပ်ကြီးခင်ညွန့် ၊ ဗိုလ်ချုပ်ကျော်ဝင်း ၊ ဗိုလ်မှူးချုပ်ကျော်သိန်း ၊ ဒုဗိုလ်မှူးကြီးတင်ဝင်း (သံအမတ်ကြီး - ၀ါရှင်တန်နှင့် အလုပ်သမားဝန်ကြီးဟောင်း) ၊ ဗိုလ်မှူးကြီးသန်းအေး (ကွယ်လွန်) ၊ ဗိုလ်မှူးကြီး စန်းပွင့်၊ ဒုဗိုလ်မှူးကြီး ဥာဏ်လင်း ၊ ဗိုလ်မှူးအောင်လင်းထွဋ်(စာရေးသူ)၊ ဗိုလ်မှူးသက်တင်စိန် တို့ ဖြစ်ကြပါသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် မူဝါဒများ ပြောင်းလဲမှု မရှိသော်လဲ ဗိုလ်ချုပ်မှူးကြီး စောမောင်၏ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပေါ် ထားရှိသော သဘောထားနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သဘောထား များစွာကွာခြားသည်ဟု ပြောရမည် ဖြစ်ပါသည်။ ဗိုလ်ချုပ်မှူးကြီး စောမောင်သည် စစ်သားတစ်ယောက်လို စဉ်းစားခဲ့တာကို သတိထားမိပါသည်။ ၄င်း၏ သဘောထားမှာ နှစ်ပေါင်းများစွာ တိုင်းရင်းသားအချင်းချင်း စစ်တိုက်လာခဲ့ကြလည်း ဘာမျှဖြစ်မလာ၊ မိမိတို့လူမျိုးများသာ သေဆုံးခဲ့ကြရသည်။ နှစ်ပေါင်းများစွာအတွင်း ကျဆုံးခဲ့သောတပ်မတော်သားများ၏ အလောင်းနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များ၏ အလောင်းပေါင်းပြီး ဆက်လိုက်မည်ဆိုလျှင် မြန်မာနိုင်ငံ တောင်မှမြောက် အထိ ဆက်နေမည် ဖြစ်သည်။ မည်သူတစ်ဦး တစ်ယေက်အတွက်မှ အကျိုးမရှိ ၊ယခင်အစိုးရ အဆက်ဆက် လက်နက်ချရေး မူကို ကိုင်ခဲ့သောကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းများ မအောင်မြင်ခဲ့၊ ထို့ကြောင့် လက်နက်ကိုင်ပြီး ငြိမ်းချမ်းရေးလုပ်ကာ ယုံကြည်မှု တည်ဆောက်သည့် နည်းလမ်းကို လမ်းညွှန်ခဲ့ပါသည်။ နှစ်ဘက်ယုံကြည်မှု ရလာသည့်အခါတွင် လက်ထဲ၌ ကိုင်ဆောင်ထားသော လက်နက်များသည် တုတ်လောက်ပင် တန်ဖိုးမရှိ ဖြစ်လာလိမ့်မည်။ မိမိဘက်မှသာ တိုင်းရင်းသားများ၏ ယုံကြည်မှုရအောင် ရိုးသားမှုဖြင့် စည်းရုံးရမည်ဆိုသည့် သဘောထားရှိသူ ဖြစ်ပါသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေဖြင့်မူ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ မူဝါဒအပေါ် နိုင်ငံရေးအရ အမြတ်ထုတ်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပေါ် ပေးခဲ့သော ကတိက၀တ်များကိုမတည်၊ သစ္စာမရှိသော မင်းတစ်ပါး ဖြစ်ခဲ့သည်ကို ယနေ့ကာလတွင် မြင်တွေ့နေရပြီ ဖြစ်ပါသည်။

စာရေးသူတို့အနေဖြင့်လဲ အားလုံးလောက်နီးပါး ငြိမ်းချမ်းရေး ရပြီးသောအခါမှ မင်းသားအယောင်ဆောင်ထားသောဘီးလူး ကို သိလိုက်ရသည့်အခါ များစွာ တုန်လှုပ်မိခဲ့ပါသည်။ ဗိုလ်ချုပ်မှူးကြီး စောမောင် လက်ထက် ဆောင်ရွက်ခဲ့သော ဗကပ လက်အောက်နေခဲ့ကြသော ကိုးကန့် ၊ ၀ ၊ အခါ ၊ ရှမ်း ၊ ကချင် တို့နှင့် သဘောတူခဲ့သော ငြိမ်းချမ်းရေး အချက်အလက်များအပေါ် သူ့အနေဖြင့် မနှစ်မြို့ခဲ့သော်လည်း ထိုစဉ်က မကန့်ကွက်ရဲသလို ၀င်ရောက်စွက်ဖက်ပိုင်ခွင့်လည်း မရှိခဲ့ပါ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သဘောထားကို နောက်ပိုင်းမှ သိခဲ့ရသည်မှာ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့များအား သွေးခွဲပြီး အားအင်ချိနဲ့သွားအောင် လုပ်ရမည် ဟု သိခဲ့ရပါသည်။ ထိုကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအတွင်း နှစ်အကြာဆုံး လူလက်နက်အင်အား အကောင်းဆုံး ဗမာပြီးလျှင် အင်အားအများဆုံးလူမျိုး နိုင်ငံရေးလမ်းစဉ်ရှိသော နိုင်ငံခြား တိုင်းပြည်များနှင့် ဆက်ဆံတတ်သော ခရစ်ယာန်ဘာသာဝင် အများစုဖြစ်သော Karen National Union (KNU) ကိုအခြားငြိမ်းချမ်းရေး အဖွဲ့များကဲ့သို့ အခွင့်အရေး မပေးနိုင်၊ လက်နက်ချခိုင်းရမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ ၁၉၉၆ - ၁၉၉၇ KNU ဆွေးနွေးပွဲ အောင်မြင်ခါနီးတွင် ကပ်၍ ဟန့်တားခဲ့ပါသည်။

၎င်းအနေဖြင့် နိုင်ငံရေး အမြတ်ထုတ်ခဲ့သည်မှာ KNU ကို ဖြိုခွဲရန် ပထမဦးစွာ ဒေါက်တိုင်များဖြစ်သော ဦးဘရန်ဆိုင်း ခေါင်းဆောင်သော Kachin Independence Organization (KIO) နှင့် ဦးနိုင်ရွှေကျင် ခေါင်းဆောင်သော New Mon Stae Party (NMSP) ကို Democratic Alliance of Burma (DAB) နှင့် National Democratic Front (NDF) တို့မှ ငြိမ်းချမ်းရေး အဖွဲ့အနေဖြင့် ခွဲထုတ်နိုင်လျှင် KNU ၏ ဘယ်၊ ညာ လက်ရုံးပြုတ်သွားမည်။ ပြီးမှ KNU အဖွဲ့အတွင်းမှ အမြင်မတူသောသူများကို တစ်စစီ ဆွဲထုတ်ပြီး သိမ်းသွင်းသွားနိုင်လျှင် KNU အင်အားချိနဲ့သွားမည်ဟု တွေးခေါ်ပြီး လုပ်ခဲ့ခြင်းအပေါ် ဘုမသိ ဘမသိဖြင့် စာရေးသူတို့ ကိုယ်တိုင်ပင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အလိမ်ခံခဲ့ရပါသည်။

စစ်ရေးအရ အမြတ်ထုတ်ခဲ့သည်မှာ ငြိမ်းချမ်းရေး ဆွေးနွေးစဉ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား အင်အားစာရင်း ကောက်ခံတောင်းဆိုပြီး အင်အား ထပ်မံမတိုးချဲ့ရန် ပြောကြားခဲ့၍ တစ်ဖက်မှ အပစ်အခတ်ရပ်စဲထားမှုကို အခွင့်ကောင်းယူပြီး တပ်မတော်အင်အားကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ နယ်မြေအစပ်များတွင် တိုးချဲ့၍ တပ်ရင်းအသစ်ပေါင်းများစွာ တည်ဆောက်ခဲ့ပါသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မွေးရာပါ လိမ်ညာ ကောက်ကျစ် လှည့်စားတတ်သော အကျင့်ဆိုးသည် ပြည်သူလူထုအား ဒုက္ခ ဖြစ်စေပါတော့သည်။

၂၀၀၄ ခုနှစ် အောက်တိုဘာလတွင် ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ထောက်လှမ်းရေးတပ်ဖွဲ့ တစ်ခုလုံးကို `ဥပဒေ၏ အထက်မှာ ဘယ်သူမှ မရှိရ´ ဆိုသော ဆောင်ပုဒ်ဖြင့် ဖမ်းဆီးထောင်ချ ဖျက်သိမ်းခဲ့ပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့များအပေါ် ယခင် ဂတိက၀တ် ပေးထားခဲ့သော စာချုပ်ပါ အချက်အလက်များကို စစ်အာဏာရှင် အစိုးရအနေဖြင့် စတင်ချိုးဖေါက်ခဲ့ပါသည်။ စာချုပ်တွင် ပါရှိသော နိုင်ငံရေးကိစ္စ ဆွေးနွေးမှုကို လစ်လျူရှုကာ စာချုပ်တွင်မပါသော နယ်ခြားစောင့်တပ်လုပ်ရန် အတင်းအဓမ္မ တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့များကို နည်းမျိုးစုံသုံး အကြပ်ကိုင် ဖိအားပေးခဲ့ပါသည်။ စစ်အာဏာရှင်တို့သည် တပ်နေရာ သတ်မှတ်ချက် သဘောတူညီမှုများကို ချိုးဖေါက်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ နယ်မြေများအတွင်း စစ်တပ်များ ၀င်ရောက်ပြီး တိုက်ခိုက်သိမ်းပိုက်ခြင်း ပြုလုပ်ခဲ့ပါသည်။ ဒေသဖွံ့ဖြိုးရေး သဘောတူညီချက်ကို အပေါ်ယံသဘောသာလုပ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွင်း သွေးကွဲစေရန် စီးပွားရေး အကြောင်းပြ၍ ငွေကျည်ဆံဖြင့် လုပ်ကြံခဲ့ပါသည်။

အထက်ပါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်များကို လက်ရှိ သမ္မတ ဦးသိန်းစိန်မှအပ ကျန်သူများ ဂဃနဏ မသိပါ။ ယခုကဲ့သို့ ဂတိမတည် သစ္စာမဲ့သည့် လုပ်ရပ်များသည် ကောင်းမွန်သန့်ရှင်းသော အစိုးရ ဖြစ်ရမည် ဟူသော စကားကို ပြောခဲ့သော အခြေအနေအားလုံးကို သိနေသည့် သမ္မတဦးသိန်းစိန် အနေဖြင့် မြန်မာနိုင်ငံကို ချစ်တယ်ဆိုရင် ငြိမ်းချမ်းရေးကို မြတ်နိုးဖို့ လိုပါမည်။ သမ္မတကြီး၏ ပင်ကိုစိတ်ရင်း စေတနာကောင်းဖြင့် ကျွန်တော်တို့ နိုင်ငံကို ကယ်တင်ဖို့ အချိန်ရောက်နေပါပြီ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လောင်းရိပ်အောက်မှလည်း ရုန်းထွက်ပါတော့လို့ တိုက်တွန်းလိုပါတယ်။ မြန်မာနိုင်ငံ အေးချမ်းပြီး သာယာသော နိုင်ငံဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါသည်။ ကလိမ်ဥာဏ်များသော စစ်အာဏာရှင်ကြီး၏ လက်အောက် သြဇာခံ ဘ၀မှလဲ လွတ်မြောက်ပါစေလို့လဲ ဆုတောင်းလိုက်ပါသည်။
ဆောင်းပါးရှင် - ဗိုလ်မှူး အောင်လင်းထွဋ်




Aung Linn Htutယနေ့ ကချင်ပြည်နယ် ၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် နေရာအနှံ့အပြားတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားသည့် သတင်းများကို သတင်းဌာနများမှ ကြားသိနေရသည့် အတွက် ဂတိမတည် ၊ သစ္စာမရှိ ၊ အောက်တန်းကျသော စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဒေါသ ဖြစ်မိခဲ့ပါသည်။ ယခုကဲ့သို့ တိုက်ပွဲများ ပြန်လည် ဖြစ်ခဲ့ရ ခြင်းအပေါ် အထူး စိတ်မကောင်း ၀မ်းနည်းနေရသလို စာရေးသူ ကိုယ်တိုင်လဲ အလိမ်ခံခဲ့ရ၍ မခံချိမခံသာ ဖြစ် နေ ရပါသည်။

စာရေးသူသည် မြန်မာနိုင်ငံ၏ ၁၉၈၈ ခုနှစ်နောက်ပိုင်း န၀တ၊ နအဖ လက်ထက် တိုင်းရင်းသား လက်နက်ကိုင်ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်များကို အဓိက ဆောင်ရွက်ပေးခဲ့ရသော တပ်မတော် ထောက်လှမ်းရေး ညွန်ကြားရေးမှူးရုံး၊ နောင်တွင်တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ရုံး၊ တိုက်ပွဲ ထောက်လှမ်းရေးဌာနခွဲ (ယခင်လှမ်း - ၁ ) တွင် စစ်ဦးစီးမှူး (ဒုတိယတန်း) တာဝန်ဖြင့် ၁၉၉၂ ခုနှစ် မေလ မှ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ အထိ အမှုထမ်းခဲ့ပါသည်။ စာရေးသူ တာဝန် ထမ်းဆောင်ခဲ့စဉ်အချိန် ကာလအတောအတွင်း ကချင် ၊ မွန် ၊ ကရင် ၊ ကရင်နီ ၊ ကယန်း ၊ ခွန်ဆာ ၊ ဒီကေဘီအေ ၊ ဖဒိုအောင်ဆန်း ၊ ဖုန်ကြားရှင်-ရန်မိုးလျံ ကိုးကန့် အရေးအခင်း အစရှိသည့် ဖြစ်စဉ်များတွင် အနီးကပ် အမှုထမ်းခဲ့ ပါ သည်။

စာရေးသူ ကိုယ်တိုင် လူသာဓု နတ်သာဓု ခေါ်ရမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ထဲထဲဝင်ဝင် ပါဝင်ခွင့် ရခဲ့သည့် အတွက်လဲ ထိုစဉ်က ၀မ်းသာပီတိ ဖြစ်မိခဲ့ပါသည်။ ကိုယ်တိုင် တိုင်ရင်းသား နယ်မြေများ၌ နှစ်အတန်ကြာ စစ်ဆင်ရေး တာဝန်များ ထမ်းဆောင်ခဲ့ဘူးသဖြင့် ဖြောင့်မတ်ရိုးသားသော တိုင်းရင်းသား လူမျိုးများ၏ စိတ်စေတနာကောင်းများ သိ ရှိနားလည်သူ ဖြစ်သည့် အတွက်ကြောင့်လည်း တာဝန်အပြင် ခံစားမှုဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တက်တက် ကြွ ကြွ ဆောင်ရွက်ခဲ့ပါသည်။ တိုင်းရင်းသားဒေသများသည် နှစ်ပေါင်းများစွာ စစ်ဘေးစစ်ဒဏ် အသင့်ခံခဲ့ရခြင်းကြောင့်လဲ ဖွံ့ဖြိုးမှုများစွာ နောက်ကျလျက် ရှိပါသည်။

စာရေးသူတို့အား မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုင်ရာ မူဝါဒ လမ်းညွှန်ချက်မှာ ပြည်ထောင်စု မြန်မာ နိုင်ငံအနေဖြင့် ငြိမ်းချမ်းမှုမရှိလျှင် နိုင်ငံရေး ၊ စီးပွားရေး တည်ငြိမ်မှု မရနိုင်သလို တိုင်းပြည် ဖွံ့ဖြိုးရေး နှောင့်နှေးသွား မည် ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား ငြိမ်းချမ်းရေး ကမ်းလှမ်းသည့် အခါတွင် ယခင် ခေတ်အဆက်ဆက် အစိုးရများနှင့်မတူ လက်နက်ချခိုင်းခြင်း မူကို ရှောင်ရှားပြီး လက်နက်ကိုင်၍ ငြိမ်းချမ်းရေး လုပ်မည် ဆိုသည့် မူကို ချမှတ်ခဲ့ပါသည်။

တကယ်တမ်းစစ်အာဏာရှင် ခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင် အေးတို့၏ စိတ်ထဲတွင် တိုင်းရင်းသားများအပေါ် မယုံသင်္ကာ အရိုးစွဲနေပြီး လက်နက်ချခိုင်းရေးစိတ် အမြဲတမ်း ကိန်း ဝပ်နေသည်။ သူတို့နှစ်ဦးက လေးလပတ် အစည်းအဝေး ကျင်းပတိုင်း မကြာခဏဆိုသလို ဗကပ အသွင်ပြောင်း ကိုး ကန့်နှင့် UWSA တို့၏ မိုင်းယောင်းနှင့် မိုင်းယန်းတိုက်ပွဲလိုမျိုး၊ နေ့မြင်ညပျောက် 106 စကားပုံတွင်သွားသည့် တိုင်းရင်း သားလက်နက်ကိုင် တို့၏ လက်သံပြောင်တိုက်ပွဲများ (ခမရ 106 တပ်ရင်းတစ်ရင်းလုံး ညပိုင်း ခြုံခိုတိုက်ခံရလို့ ဖွဲ့စည်းပုံ ပျက်ကာ အကျအဆုံးများခဲ့ရသည်)၊ အင်းစိန်တိုက်ပွဲကဲ့သို့ KNU တိုက်ပွဲများတွေကို ပြန်ပြောင်း ပြောဆိုနာကြည်းနေ ဟန်ရှိနေကြောင်း ကြားသိရပါသည်။

လုပ်ငန်းစဉ်အနေဖြင့် ပထမဦးစွာ အပစ်အခတ် ရပ်စဲရေးအတွက် ဒို့တာဝန် အရေးသုံးပါး ဖြစ်သည့် ပြည်ထောင်စု မပြို ကွဲရေး ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ အနေဖြင့် လက်ခံလျှင် စတင်၍ နှစ်ဦးနှစ်ဘက် စကားပြောမည်။ ဒုတိယ အချက်အနေဖြင့် တပ်မတော် သည် ပြည်သူလူထုက ရွေးချယ်ထားသော ပြည်သူ့အစိုးရ မဟုတ်သည့် အတွက်ကြောင့် မြန်မာနိုင်ငံ၏ အနာဂါတ်အ တွက် မဆုံးဖြတ်နိုင်ပါ။ ထို့ကြောင့် နိုင်ငံရေး ဆွေးနွေးမှုကို မလုပ်နိုင်သဖြင့်၊ နောင်တက်လာသော ပြည်သူ့အစိုးရ နှင့်သာ ဆွေးနွေးရန်ပါရှိပါသည်။ သို့သော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာဏာရလာပြီးနောက် အမျိုးသားညီလာခံတွင် ဆွေးနွေးခွင့်ပြုမည် ဟု ထပ်မံလမ်းညွှန်ခဲ့သည်။ တတိယ အချက်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော် မှားယွင်းပစ်ခတ်မှု မဖြစ်စေရေး နယ်မြေသတ်မှတ်ရမည်၊ နယ်မြေသတ်မှတ် ပြီးပါက နှစ်ဦးနှစ်ဘက် လက် နက်ကိုင်အဖွဲ့များ ဖြတ်သန်းခြင်း သို့မဟုတ် ၀င်ရောက်မည် ဆိုပါက ကြိုတင်ခွင့်ပြုချက် ယူရမည်။

စတုတ္ထ အချက် အနေဖြင့် တိုင်းရင်းသားနယ်မြေ ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို အထူးစီးပွားရေး လုပ်ပိုင်ခွင့်များ ချပေးပြီး ရရှိသော ၀င်ငွေများဖြင့် မိမိတို့၏ နယ်မြေများတွင် မိမိတို့လူမျိုး များ ဖွံ့ဖြိုးရေးဆောင်ရွက်သလို တပ်မတော် မှလည်း သင့်တော်သည့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ပေးမည်။ ပဉ္စမ အချက်အနေဖြင့် ယုံကြည်မှု တည်ဆောက်စဉ် ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် တပ်မ တော် ထောက်လှမ်းရေး ဌာနဖြင့် ညှိနှိုင်းဆောင်ရွက်သွားရန်တို့ ဖြစ်ပါသည်။

(
အပိုင်း (၂) ဆက်ရန်။
ဆောင်းပါးရှင် - ဗိုလ်မှူး အောင်လင်းထွဋ်

၂၆-၁၂-၂၀၁၂

ပြည်ထောင်စုဝန်ကြီးဌာန ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ ဝန်ကြီးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများအားလုံး မင်္ဂလာအပေါင်း နဲ့ ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သ ပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့ နိုင်ငံအုပ်ချုပ်ရေးတာဝန်ယူပြီး နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး ထမ်းဆောင်ခဲ့တာ တစ်နှစ်နဲ့ ကိုးလခန့်ရှိပြီဖြစ်ပါတယ်။ ခေတ်သစ် စနစ်သစ် ထူထောင် တည်ဆောက်ဖို့ အတွက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဆင့်ဆင့် ဖွဲ့စည်းမှုများ စတင်ဆောင်ရွက် ခဲ့ပြီး ခေတ်စနစ်သစ် အတွက် လိုက်လျောညီထွေရှိမယ့် ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းတွေ၊ ပြင်ဆင်သင့်တာတွေ၊ အသစ်ရေးဆွဲသင့်တာတွေ ရေးဆွဲဆောင်ရွက်ခဲ့ပါတယ်။ အချို့ကိစ္စရပ်များဟာ မပြီးပြတ်သေးဘဲ ကဏ္ဍအလိုက်နဲ့ ဒေသအလိုက် အလုပ်ရုံဆွေးနွေးပွဲများ၊ အမျိုးသားအဆင့် ဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်ဆဲ ဖြစ်ပါတယ်။ အချို့ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ အတည်ပြုပြဋ္ဌာန်းရန် ပြင်ဆင်ဆဲဖြစ်ပါတယ်။ ခေတ်ဟောင်းစနစ်ဟောင်းက ခေတ်သစ်စနစ်သစ်ကို ကူးပြောင်းရာမှာ တွေ့ကြုံရလေ့ရှိတဲ့ အတွေ့အကြုံနည်းပါးမှု၊ အပြောင်းအလဲအတွက် ပြင်ဆင်ချိန်လိုအပ်မှုနဲ့ အခြားရင်ဆိုင်ဖြေရှင်းရတဲ့ အခက်အခဲတွေ မည်သို့ပင်ရှိစေကာမူ ယခုထိ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ညင်သာချောမွေ့အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြတဲ့ လွှတ်တော်၊ အစိုးရ၊ တရားလွှတ်တော်၊ တပ်မတော်နဲ့ ပြည်သူတစ်ရပ်လုံးကိုရော၊ နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းအသီးသီးကို အထူးကျေးဇူးတင်ပါကြောင်း ဦးစွာပြောကြားလိုပါတယ်။

ယခင်အစိုးရက ပြည်သူများရဲ့ လိုအင်ဆန္ဒနဲ့အညီ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဈေးကွက်စီးပွားရေး စနစ်တို့ကို ထူထောင်နိုင်ရန် လွှဲပြောင်းပေးခဲ့မှုအပေါ် ကျွန်တော်တို့ အစိုးရအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခြေခံမူများနဲ့အညီ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး၊ တနည်းအားဖြင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတာဝန်ကြီးကို ပထမအဆင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အဖြစ် စတင်ဆောင်ရွက်ခဲ့ပါတယ်။

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဟာ၊ တိုင်းပြည်တည်ငြိမ် အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် အဓိကလိုအပ်ချက်ဖြစ်တဲ့အတွက်၊ ပါတီအသီးသီးနဲ့ရော တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပါ၊ မတူတာတွေ ဘေးမှာထားပြီး၊ တူညီတဲ့သဘောထားတွေနဲ့ နိုင်ငံအကျိုးပြုလုပ်ငန်းတွေ ပူးပေါင်းလုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့တာကြောင့်၊ အထိုက်အလျောက် အောင်မြင်မှုရရှိနေသော်လည်း၊ အချို့နေရာတွင် ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားရမယ့် လုပ်ငန်းတွေလည်း ကျန်ရှိပါတယ်။ကျန်ရှိတဲ့လုပ်ငန်းတွေ အောင်မြင်ရေးနဲ့ ကျွန်တော်တို့အစိုးရ ကြိုးပမ်းဆောင်ရွက်နေတဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုများမှာ၊ တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံး၊ ပြည်သူတစ်ရပ်လုံး လက်တွဲပါဝင် ပူးပေါင်းပြီးဆောင်ရွက်ပေးကြပါလို့ နှိုးဆော်ပန်ကြားလိုပါတယ်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ အကောင်အထည်ဖော်စဉ် တစ်ချိန်တည်းမှာပဲ၊ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ ပြည်သူ့ဘဝလုံခြုံမှုနဲ့ လူမှုစီးပွားရေး တိုးတက်မှုတို့အတွက် ပြည်သူဗဟိုပြု လူမှုစီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ပြုပြင်ပြောင်းလဲရေး ဒုတိယအဆင့်အဖြစ် ဆောင်ရွက်ရန် မူဝါဒ ချမှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။


မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေးအခြေအနေတွေဟာ ဒေသတွင်း အခြားနိုင်ငံများထက် နောက်ကျကျန်နေပြီး၊ ဆောင်ရွက်ရမယ့် လုပ်ငန်းပမာဏဟာ ကြီးမားကျယ်ပြန့်တဲ့အတွက်၊ ကာလတို၊ ကာလရှည် ဦးစားပေး အစီအမံတွေကို စနစ်တကျ ရေးဆွဲစီမံမှသာ၊ နိုင်ငံတော်နဲ့ပြည်သူတွေအတွက် ထိရောက်အကျိုးရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ စီးပွားရေးနဲ့ လူမှုရေး အကြံပေးကောင်စီနဲ့ ပြည်တွင်း ပြည်ပ ပညာရှင်များ၊ ဌာနဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ ပူးပေါင်းဆွေးနွေးညှိနှိုင်းပြီး “စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲမှုအတွက် အခြေခံမူဘောင်” ရေးဆွဲပြီးဖြစ်တဲ့ အတွက် ဒီနေ့ကျင်းပမယ့် စီမံကိန်းကော်မရှင် အစည်းအဝေးမှာ ဆွေးနွေး အတည်ပြုကြမှာ ဖြစ်ပါတယ်။


စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲမှုအတွက် အခြေခံမူဘောင် ညှိနှိုင်းရေးဆွဲနေစဉ် တစ်ပြိုင်တည်းမှာ စီးပွားရေးကဏ္ဍအလိုက် ပြုပြင်ရမယ့် မူဝါဒ၊လုပ်ငန်းစဉ်တွေကို ပြည်ထောင်စု ဝန်ကြီးဌာန အသီးသီးကလည်းကောင်း၊ ဒေသအလိုက် လူမှုစီးပွားရေး ဖွံ့ဖြိုး တိုးတက်ရန် မူဝါဒ၊ လုပ်ငန်းစဉ်တွေကို တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများက လည်းကောင်း လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပ ပညာရှင်များ၊ ပြည်သူများအပါအဝင် အလုပ်ရုံဆွေးနွေးပွဲများကျင်းပပြီး သဘောထားအကြံဥာဏ်များ ရယူခဲ့ကြပါတယ်။


အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပနေစဉ်မှာပဲ လိုအပ်တဲ့ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကို ခေတ်နဲ့ဆီလျှော်ပြီး၊ ပြည်သူများ လက်တွေ့လုပ်ကိုင်နိုင်မယ့် အခြေအနေတွေနဲ့ ကိုက်ညီအောင် ပြင်ဆင်ရေးဆွဲခဲ့ကြပါတယ်။



ဒီလိုအချိန်တိုအတွင်း တစ်ခုပြီးမှတစ်ခု လုပ်ခြင်းမျိုးမဟုတ်ဘဲ ဆောင်ရွက်ရန်ရှိတဲ့ အလုပ်တွေကို တစ်ပြိုင်တည်း လုပ်ဆောင်နေသလို၊ ပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းရဖို့နဲ့ လူမှုစီးပွားရေးမှာ တိုးတက်စေမယ့် လုပ်ငန်းတွေကို တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့ ခွင့်ပြုဆောင်ရွက်ပေးလျက် ရှိပါတယ်။


ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ ငွေလဲနှုန်းနဲ့ ငွေကြေးကဏ္ဍ အပြောင်းအလဲမှာ မက်ခရိုစီးပွားရေး တည်ငြိမ်အောင် ဆောင်ရွက်ရင်း တစ်ဖက်က တိုင်းပြည်စီးပွားရေးမှာ အရေးပါတဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းတွေ ဖြေလျှော့မှုများ ပြုလုပ်ခဲ့ပါတယ်။ ပြည်သူများရဲ့ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုတိုးတက် ရရှိရေးအတွက် အထူးစီးပွားရေးဇုန်စီမံကိန်းများ၊ စက်မှုဇုန်နဲ့ စက်ရုံစုစီမံကိန်းများ၊ မြို့ပြကျေးရွာဖွံ့ဖြိုးမှု စီမံကိန်းများကို အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ပါတယ်။ သို့ရာတွင် ကမ္ဘာ့စီးပွားရေး တိုးတက်မှု နှေးကွေးမှုနဲ့ ဈေးကွက်ဝယ်လိုအား ကျဆင်းနေခြင်း၊ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ထားမှု အပြီးတိုင်ရုပ်သိမ်းရန် လိုအပ်နေခြင်း၊ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုကြောင့် သဘာဝဘေးအန္တရာယ်ခံစားရခြင်း၊ စတဲ့ အခြေအနေများ၏ ရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု နှေးကွေးနေတဲ့အတွက် လက်ရှိအခြေအနေကနေပြီး ပြည်သူတို့ရဲ့ လက်ရှိစီးပွားရေး သိသာထင်ရှားစွာ တိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်းနှိုးဆော် လိုပါတယ်။



ယခုလို နိုင်ငံဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များ သာမန်စီမံရုံဖြင့် အလိုအလျောက် ဖြစ်ထွန်းတိုးတက်လာမှာ မဟုတ်ဘဲ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှု ထိရောက်မှသာ အောင်မြင်တိုးတက်မှာ ဖြစ်ပါတယ်။



လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှု ထိရောက်အောင်မြင်ဖို့အစိုးရ အုပ်ချုပ်မှုယန္တရားရဲ့ စီမံလုပ်ကိုင်မှု ထိရောက်ထက်မြက်ဖို့ လိုအပ်ပါတယ်။



နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး ဖြစ်ထွန်းတိုးတက်အောင် ကြိုးပမ်းရာမှာ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းဟာ အစိုးရအုပ်ချုပ်ရေးယန္တရား စွမ်းဆောင်ရည် ထိရောက်ထက်မြက်မှုအပေါ်မှာ မူတည်ပါတယ်။ ခေတ်စနစ်သစ်တစ်ရပ်ကို ပြုပြင်ပြောင်းလဲ တိုးတက်အောင် ဆောင်ရွက်ရာမှာလည်း ရှေးယခင် အတွေးအမြင် လုပ်နည်းအတိုင်း ဆောင်ရွက်လို့မရတော့ဘဲ ဒီမိုကရေစီကျင့်စဉ်နဲ့ လိုက်လျောညီထွေရှိမယ့် နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ လူမှုရေးအမြင်များနဲ့ ကျယ်ကျယ် ပြန့်ပြန့် တွေးခေါ်မြော်မြင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။



ဒီလိုဆောင်ရွက်ရာမှာ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ ကျွန်တော်တို့ အစိုးရအဖွဲ့အစည်း အနေနဲ့ရော၊ ပြည်သူများရဲ့ အခွန်ဘဏ္ဍာနဲ့ ပြည်သူ့ဝန်ကို ထမ်းဆောင်နေကြတဲ့ နိုင်ငံဝန်ထမ်း အားလုံးကို ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ရှိတဲ့ သန့်ရှင်းတဲ့ အစိုးရ ( Good Governance, Clean Government ) ဖြစ်အောင် ကြိုးပမ်းပြီး နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး ကိစ္စအဝဝမှာ ပြည်သူလူထု အတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြဖို့ မှာကြား တိုက်တွန်းခဲ့ပြီးဖြစ်ပါတယ်



သို့ရာတွင် ပြည်သူလူထုနဲ့ ထိတွေ့နေတဲ့ ဌာနဆိုင်ရာနဲ့ မြို့နယ်၊ ရပ်ကျေး အဆင့်အထိ အဆင်မပြေမှု များစွာရှိနေတဲ့အပြင် အချို့နေရာဒေသ၊ ဌာနတွေမှာ -

-

ပြည်သူလူထု သဘောထားဆန္ဒနဲ့ ပြည်သူလူထုရဲ့ အသံကို နားမထောင်ဘဲ မတိုင်ပင်ဘဲ မိမိတို့သဘော အလျောက် ဆောင်ရွက်နေခြင်း၊

-

မိမိတို့ လုပ်ဆောင်မှုများ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိအောင် ချပြမှုမရှိခြင်း၊

-

ပြည်သူလူထုက သိလို၍ မေးမြန်းခြင်းနဲ့ ပြည်သူလူထုရဲ့ လိုအပ်ချက် တောင်းဆိုခြင်းများအပေါ် တာဝန်ယူဖြေရှင်းပေးမှု မရှိခြင်း၊

-

ကဏ္ဍအလိုက်၊ ဌာနဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများနဲ့ ဒေသန္တရအလိုက် ဥပဒေစည်းမျဉ်း လုပ်ထုံးလုပ်နည်းများနဲ့အညီ စီမံအုပ်ချုပ်လုပ်ကိုင်မှု မရှိခြင်း၊

-

ထိုသို့ ဥပဒေနှင့်အညီ ဆောင်ရွက်မှုမရှိခြင်းကြောင့် နောက်ဆက်တွဲ အဂတိ လိုက်မှု၊ လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပေါ်ခြင်း၊

-

အစိုးရ အုပ်ချုပ်ရေးယန္တရားသည် ပြည်သူများအတွက် လျှင်မြန်ချောမွေ့မှုမရှိဘဲ နှောင့်နှေးကြန့်ကြာ၍ အခက်အခဲများ တွေ့ရှိနေခြင်း၊

-

စီမံခန့်ခွဲ အုပ်ချုပ်မှုစွမ်းရည် ကျဆင်းနေခြင်း၊



စတဲ့ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ရှိတဲ့ သန့်ရှင်းသောအစိုးရရဲ့ အင်္ဂါရပ်များ၊ အရည်အသွေးများ ချို့ယွင်းအားနည်းနေတာကို တွေ့ရှိရပါတယ်။ ထိုသို့ အားနည်းမှုများကြောင့် မြို့နယ်အဆင့်တွင် ပြည်သူနှင့် ထိတွေ့ဖြေရှင်းနိုင်စွမ်းမရှိသည့် ပြဿနာများ၊ အချို့ဒေသတွင် ရပ်ကွက်ကျေးရွာအဆင့် အုပ်ချုပ်မှုကို ပြည်သူများက လိုလားနှစ်သက်ခြင်း မရှိသည့် အခြေအနေများ ပေါ်ပေါက်တာကို တွေ့ရှိရတဲ့အတွက် အောက်ခြေ ရပ်ကျေးအဆင့်မှ အထက် ပြည်ထောင်စုအဆင့်အထိ ပြုပြင်ပြောင်းလဲ သင့်သည်များကို ပြုပြင်ပြောင်းလဲသွားဖို့ လိုအပ်လာပါတယ်။



ဒါကြောင့် အစိုးရဌာနအဖွဲ့အစည်းများရဲ့ စီမံအုပ်ချုပ်မှုစနစ် တိုးတက် ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှု အတွက် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ တတိယအဆင့် လုပ်ငန်းအဖြစ် သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။



စီမံအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရာမှာ ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာနဲ့အညီ ပြည်သူ့ဝန်ကို ဆောင်သော ပြည်သူ့ဝန်ထမ်းမျာြး ဖစ်အောင် ရပ်ကျေးအုပ်ချုပ်ရေးပိုင်းမှ ပြည်ထောင်စု အဆင့်အထိ ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာ အတွေးအမြင်၊ အမူအကျင့်၊ လုပ်ပုံလုပ်နည်းများ ပြောင်းလဲခြင်း လုပ်ဆောင်ရမှာဖြစ်သလို အစိုးရအဖွဲ့အစည်း ယန္တရားရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ ပြောင်းလဲခြင်း ကိုလည်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွေးအမြင်၊ အမူအကျင့်၊ လုပ်ပုံလုပ်နည်းများ ပြင်ဆင်ရာမှာ ခေါင်းဆောင်မှုနေရာတွေမှာ တာဝန်ယူကြရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးအဆင့်ကအစ ပြည်ထောင်စုဝန်ကြီး အဆင့်အထိ ခေါင်းဆောင်ကောင်းအင်္ဂါရပ်နဲ့ ညီညွတ်အောင် ပြုမူကျင့်ကြံ အားထုတ်ဖို့နဲ့ ပြည်သူတွေ အားကိုးယုံကြည် စိတ်ချရအောင်ကြိုးစားကြဖို့ ပြောကြားလိုပါတယ်။



ယခုပြုလုပ်လျက်ရှိသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနဲ့အတူ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းများကို မိမိတို့ဝန်ထမ်းတစ်ဦးစီ၏ ကိုယ်ရည်ကိုယ်သွေးနှင့် အရည်အချင်းများ မြှင့်တင်ရန် လိုအပ်သကဲ့သို့ မိမိတို့ဝန်ထမ်းအဖွဲ့အစည်းအသီးသီး၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းများကိုလည်း အာရုံစိုက် လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။



ဒီလို ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရာမှာ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် တစ်ရပ်တွင် အစိုးရနဲ့ ပြည်သူ အပြန်အလှန် ဆက်သွယ်ပူးပေါင်း ဆောင်ရွက်မှု ကောင်းဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီကျင့်စဉ် ထွန်းကားရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်မယ့် စီမံအုပ်ချုပ် လုပ်ကိုင်မှုကို ပြောင်းလဲသွားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် မြို့နယ်တစ်ခုမှာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ၊ လူမှုရေး စီးပွားရေး လူထုလူတန်းစား ကိုယ်စားလှယ်ပါဝင်တဲ့ မြို့နယ်ကော်မတီ ဖွဲ့စည်းပြီးမြို့နယ်ရဲ့ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေး၊ လူမှုရေး စသည့် အရေးအရာကိစ္စ အရပ်ရပ်အတွက် မြို့နယ်ကော်မတီအောက်မှာ ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။မြို့နယ်ရဲ့ အရေးအရာကိစ္စအားလုံးကို မြို့နယ် ကော်မတီအစည်းအဝေးဖြင့် စုပေါင်းဆွေးနွေး၊ စုပေါင်းဆုံးဖြတ်၊ စုပေါင်းဦးဆောင် အကောင်အထည်ဖော် ဆောင်ရွက်သည့် စနစ်ဖြင့် ဖွဲ့စည်းပြင်ဆင် ဆောင်ရွက်သွားစေမှာ ဖြစ်ပါတယ်။ဒီလိုပဲ ခရိုင်ကော်မတီအဆင့်မှာလည်း အလားတူ ဆောင်ရွက်သွားစေမှာဖြစ်ပါတယ်။ ရပ်ကွက်ကျေးရွာအဆင့်မှာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ခန့်ထားပြီးလျှင် အခြားရပ်ကွက်ကျေးရွာလူကြီးများ ရွေးချယ်ပူးပေါင်း ပါဝင်တဲ့ ရပ်ကွက်ကျေးရွာကော်မတီ ဖွဲ့စည်းပြီးစုပေါင်းဆွေးနွေး တိုင်ပင်ဆုံးဖြတ်၊ အကောင်အထည်ဖော် ဆောင်ရွက်တဲ့စနစ် ဆက်လက်ဖွဲ့စည်းဆောင်ရွက်မှသာ ရှေးယခင် တစ်ဦးတစ်ယောက်တည်း အဆုံးအဖြတ်ဖြင့် ဆောင်ရွက်ခဲ့မှုကြောင့် ဖြစ်ပေါ်ခဲ့သော ပြည်သူလူထု မလိုလားတဲ့ ပြဿနာတွေ လျော့နည်းလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းဒေသကြီး ပြည်နယ် အစိုးရများအနေနဲ့ ကော်မတီဖွဲ့စည်းမှု အဆင့်ဆင့် ခိုင်မာကောင်းမွန်အောင် ဆောင်ရွက်ကြဖို့နဲ့ ဆောင်ရွက်မှုကိစ္စများမှာ ဥပဒေနဲ့အညီဖြစ်ရေး စီမံဆောင်ရွက်သွားရန် မှာကြားလိုပါတယ်။



ပြည်သူလူထုရဲ့ စားဝတ်နေရေးနဲ့ လူနေမှုအဆင့်အတန်း မြင့်မားရေး၊ မြို့နယ်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာမှာ မြို့နယ်စည်ပင်သာယာရေးလုပ်ငန်းဟာ အထူးအရေးကြီးတဲ့အတွက် အစိုးရဌာနဆိုင်ရာ ပုဂ္ဂိုလ်များသက်သက်ဖြင့် ပြည်သူ့ဆန္ဒနဲ့အညီ ပြည်သူ့လိုအပ်ချက်ကို ဖြည့်ဆည်းရာမှာ အားနည်းချက်များ ရှိနိုင်ပါတယ်။ ၁၈၉၈ ခုနှစ်၊ မြန်မာနိုင်ငံ အက်ဥပဒေ အမှတ်၃အရ ပြဋ္ဌာန်းခဲ့တဲ့ မြူနီစီပါယ် အက်ဥပဒေဟာ ၁၉၉၃ ခုနှစ်အထိ တည်ရှိခဲ့ပြီး၊ မြူနီစီပါယ်ကော်မတီမှာ ပြည်သူလူထု အတွင်းက ရွေးကောက်တင်မြောက်ထားတဲ့ ကိုယ်စားလှယ်များနဲ့ စည်ပင်သာယာရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သလို၊မြို့နယ်များမှာ စည်ပင်သာယာရေးကော်မတီကို မြို့နယ်လူထုအတွင်းက ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက် ပါဝင်ဖွဲ့စည်းမှုနဲ့ သီးခြားရပ်တည်ပြီး ပြုပြင်ပြောင်းလဲ ဆောင်ရွက်နိုင်အောင်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ လေ့လာသုံးသပ် ပြင်ဆင်ဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်။



ပြည်ထောင်စု အစိုးရဝန်ကြီးဌာနများအနေနဲ့လည်း ဥပဒေ လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပြီးရုံးလုပ်ငန်းစနစ် မြန်ဆန်အောင် ဆောင်ရွက်ခြင်းတို့အပြင် ဘတ်ဂျက်လိုငွေ လျော့နည်းသက်သာစေရန် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကိုလည်း စီးပွားရေးဆန်ဆန် ဆောင်ရွက်နိုင်ရန် ဦးစီးဌာန၊ ဘုတ်၊ ကော်ပိုရေးရှင်း ဖွဲ့စည်းမှု၊ ပြင်ဆင်ပြောင်းလဲ ဆောင်ရွက်မှုများကို ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။



ပြည်ထောင်စု ဝန်ကြီးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှု အားနည်းနေခြင်းကို အစိုးရအဖွဲ့ကဏ္ဍအလိုက် ကော်မတီ (Cabinet Committee)များ ဖွဲ့စည်းပြီး ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ခြင်းဖြင့် မူဝါဒချမှတ်မှုများ ခိုင်မာအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။



ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနများနဲ့ တိုင်းဒေသကြီး ပြည်နယ် အစိုးရအကြား ပေါင်းစပ်ညှိနှိုင်းမှု အားနည်းနေခြင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အုပ်ချုပ်ရေးအာဏာ ခွဲဝေအပ်နှင်းမှုကို ဆောင်ရွက်ရာ၌ ပြည်ထောင်စုဝန်ကြီးဌာနများက တာဝန်ယူ ဆောင်ရွက်ရမယ့် လုပ်ငန်းများနဲ့ တိုင်းဒေသကြီး ပြည်နယ်များက တာဝန်ယူ ဆောင်ရွက်ရမယ့် လုပ်ငန်းများကို စနစ်တကျ ပိုင်းခြားသတ်မှတ်ခြင်းများကိုလည်း ပိုမိုထိရောက်မည့် လုပ်ထုံးလုပ်နည်းများ သတ်မှတ်လုပ်ဆောင်သွားမည် ဖြစ်ပါတယ်။ အလားတူကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသများ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် စသည့် အဆင့်ဆင့်သော အုပ်ချုပ်ရေးအာဏာ ခွဲဝေပိုင်းခြားမှုကို သတ်မှတ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။



ပြည်ထောင်စုဝန်ကြီးဌာနများအနေနဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း မူဘောင်များ စီမံထိန်းသိမ်းမှုကို အဓိကထား၍တာဝန်ခံဆောင်ရွက်ပေးရမှာဖြစ်ပြီး၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများကတော့ ဒေသမှာရှိတဲ့ ဝန်ထမ်းအဖွဲ့အစည်း အသီးသီးကိုကြီးကြပ်ကွပ်ကဲ၍ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ ပြည်သူတို့ရဲ့ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကိစ္စအဝဝအတွက် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက် ရမှာဖြစ်ပါတယ်။



ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၂၅၆တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရသည် မိမိတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နယ်ဘက်ဝန်ထမ်းအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကိုလည်း ဥပဒေနှင့်အညီ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်း ပြုနိုင်ကြောင်း ဖော်ပြထားပြီး ဖြစ်တဲ့အတွက်ကြောင့် ဥပဒေနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်သွားကြဖို့ မှာကြားလိုပါတယ်။



အစိုးရဌာန အဖွဲ့အစည်းများ၏ စီမံအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန် အောင် ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ရေးလုပ်ငန်းစဉ်သည် ယနေ့ မိမိတို့ အကောင်အထည်ဖော် ဆောင်ရွက်နေသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၊ ဒီမိုကရေစီ အလေ့အကျင့်များ ရှင်သန်လာရေးအတွက် အဓိကအခန်းကဏ္ဍမှ နေ၍ အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာ ဖြစ်တဲ့အတွက် ဌာနအသီးသီးတွင် ပါဝင်တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအသီးသီးတို့၏ နိုင်ငံရေးစေတနာ မှန်ကန်စွာနှင့် အကောင်အထည်ဖော် လုပ်ဆောင်နိုင်ကြရန် အလေးအနက် တိုက်တွန်းလိုပါတယ်။ ယနေ့အချိန်အခါဟာ နိုင်ငံသား တစ်ဦးချင်းစီအနေနဲ့လည်းကောင်း၊ အစိုးရအဖွဲ့အစည်း အသီးသီးအနေနဲ့ လည်းကောင်း၊ နိုင်ငံရေးပါတီအားလုံး အနေနဲ့လည်းကောင်း ကျရာကဏ္ဍမှ စိတ်ရင်းစေတနာကောင်းဖြင့် လုပ်ဆောင်နိုင်မယ်ဆိုရင် မိမိတို့ ကြုံတွေ့ နေရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုအားလုံးကို အောင်မြင်စွာ ကျော်လွှားနိုင်ပြီးငြိမ်းချမ်းသာယာတဲ့ အနာဂါတ်မြန်မာနိုင်ငံသစ်ကို မျှော်မှန်းနိုင်မှာ ဖြစ်ပါတယ်။



နိဂုံးချုပ်အားဖြင့် -

နိုင်ငံတကာက မြန်မာနိုင်ငံအပေါ်မှာ ကောင်းမွန်သော အုပ်ချုပ်မှု ရှိ မရှိ တိုင်းတာချက်စံများအရ များစွာအားနည်းနေတာ တွေ့ရှိရပါတယ်။ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖြစ်ထွန်းတိုးတက်အောင် ဆောင်ရွက်ရမယ့် အချက်များအနက် လာဘ်ပေးလာဘ်ယူမှုတွေကို ထိထိရောက်ရောက် တားဆီးထိန်းသိမ်းကြပါလို့ မှာကြားလိုပါတယ်။ တားဆီးထိန်းသိမ်းရာမှာ လာဘ်ပေးသူရော၊ လာဘ်ယူသူပါ တာဝန်ရှိတဲ့အလျောက် အမျိုးသားအကျင့် စာရိတ္တ မထိခိုက်အောင် ပြည်သူများအားလုံး ပါဝင်ထိန်းသိမ်းပေးကြပါလို့ ပန်ကြားလိုပါတယ်။ပြည်သူ့ဘဏ္ဍာ၊ လစာရယူပြီး ပြည်သူ့ဝန်ကို ထမ်းဆောင်ကြတဲ့ နိုင်ငံ့ဝန်ထမ်း၊ နိုင်ငံ့သားကောင်းများအနေနဲ့ အမျိုးသားရေးစိတ်ဓါတ်နဲ့ တစ်ဦးချင်း၊ တစ်ဌာနချင်း ကောင်းအောင် ပြုပြင်ကြ ဆောင်ရွက်ကြပြီး တိုင်းပြည်နဲ့လူမျိုးဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ရန် လိုအပ်နေပြီ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးယန္တရားတစ်ခုလုံး ပြန်လည် ကောင်းမွန်အောင် စိတ်ဓါတ်ကောင်းကောင်း၊ စည်းကမ်းကောင်းကောင်းနဲ့ နိုင်ငံအကျိုး၊ ပြည်သူ့ အကျိုးကို စေတနာကောင်းကောင်းနဲ့ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ရှိတဲ့ သန့်ရှင်းသော အစိုးရဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ် လိုက်ပါတယ်။



Ref..source

ကချင်ပြည်နယ် လိုင်ဇာဌာနချုပ် အနီးတွင် လှုပ်ရှားနေသည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များကို ယနေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးရန် အစိုးရတပ်က သတိပေးထားကြောင်း သတင်းရရှိသည်။

လိုင်ဇာမြို့ ဆင်ခြေဖုန်းတွင် တွေ့ရသော ကချင်လွတ်လပ်ရေး တပ်မတော် (KIA) စစ်သားတဦး (ဓာတ်ပုံ – ဧရာဝတီ)
KIA တပ်များကို ဖယ်ရှားပေးရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးဆောင် (PCG) အဖွဲ့မှတဆင့် စာဖြင့်သတိပေး အကြောင်းကြားခဲ့သည်ဟု ကချင်လွပ်လပ်ရေး အဖွဲ့ (KIO) တွဲဖက် အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။
အဆိုပါ သတိပေး အကြောင်းကြားစာတွင် “လဂျားယန်တပ်စခန်းအတွက် အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ရန် လမ်းကြောင်းအတိုင်း တပ်များ ဝင်ရောက်ရန် ရှိပါသည်။ သို့ပါ၍ လမ်းကြောင်းတလျှောက်ရှိ KIA အဖွဲ့များအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ နောက်ဆုံးထား၍ နောက်ဆုတ်ပေးရေး KIO အဖွဲ့သို့ သတိပေးသွားရန်” ဟု ယမန်နေ့ နေ့စွဲဖြင့် ဖော်ပြပါရှိသည်။
အကြောင်းကြားစာ အသေးစိတ်နှင့် ပတ်သက်၍ PCG အဖွဲ့သို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
“အဲဒီ ဒေသတ၀ိုက်မှာ ကျနော်တို့ တပ်တွေ အမြဲတမ်း ရှိတယ်။ အဲဒီအထဲကို ၀င်လာပြီးဆိုတာနဲ့တော့ တိုက်ပွဲတွေ ဖြစ်ရတော့မှာပဲ။ တိုက်ပွဲတွေ ဖြစ်လာတဲ့အခါမှာ အဲဒီမှာရှိတဲ့ KIA စခန်းတွေဟာ KIA ဗဟို ဌာနချုပ်အတွက် အရေးပါဆုံး စခန်းတွေ ဖြစ်နေတယ်။ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ဒီစခန်းတွေကို ဆုတ်ပေးဖို့ဆိုတာတော့ ဒါမဖြစ်နိုင်ဘူး။ ဒါကြောင့်မို့ ဒီကိစ္စကတော့ သူတို့ဘက်က တကယ်ပဲ စစ်ဆင်ရေးလုပ်တော့မယ် ဆိုတာကို တရားဝင် ပြောဆိုတဲ့ အဓိပ္ပါယ်လဲ ပေါက်တယ်” ဟု ဦးလနန်က ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ စစ်ရေးနည်းဖြင့် ဖြေရှင်းရန် ရာဇသံပေး ခြိမ်းခြောက်လာမှုကို KIO အနေနှင့် ကန့်ကွက်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုက္ကဋ္ဌ ဦးအောင်မင်းထံ အကြောင်းကြားထားသည်ဟု သိရသည်။
စစ်ရေးအရ နှစ်ဖက်တပ်များ စစ်ရေးတင်းမာနေပြီး ယနေ့ အခြေအနေကို မသိရသော်လည်း အစိုးရတပ်က ရဟတ်ယာဉ်များကို အသုံးပြု၍ ရိက္ခာပို့ခြင်း အပါအ၀င် စစ်တပ်အင်အား တိုးချဲ့ထားကြောင်း သိရသည်။
အင်အားသုံး ထိုးစစ်ဆင်လာလျှင် အစိုးရစစ်တပ်ကို KIA တပ်ဖွဲ့နှင့် မဟာမိတ်ပြုထားသည့် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ခုခံကာကွယ် တိုက်ခိုက်ရန် စီစဉ်ထားကြောင်း ဦးလနန်က ဆိုသည်။ သို့သော် မဟာမိတ်ပြုထားသည့် တိုင်းရင်းသား လက်နက်ကိုင်များ၏ အဖွဲ့အမည်များကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
လတ်တလော အစိုးရတပ်များကို ခုခံတိုက်ခိုက်ရာတွင် KIA တပ်ဖွဲ့နှင့်အတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်း တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း သိရသည်။
အစိုးရက KIO ကိုယ်စားလှယ်များကို လာမည့်နှစ် ဇန်န၀ါရီလဆန်းပိုင်း၌ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းထားရာ KIO ဘက်မှ အကြာင်းမပြန်သေးကြောင်း သိရသည်။ နှစ်ဖက် ကိုယ်စားလှယ်များ သွားရောက်နိုင်မည့် ကချင်ပြည်နယ် ဗန်းမော်မြို့ သို့မဟုတ် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် တွေ့ဆုံရန် အစိုးရက အဆိုပြုထားသည်။


ထွန်းထွန်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီအား ဒီဇင်္ဘာလ ၂၄ ရက်နေ့က ခေါ်ယူ သတိပေးခဲ့သည်ဟု သတင်းရရှိသည်။
RNDP-flag
ထိုသို့ ခေါ်ယူ သတိပေးရာတွင် အချက် (၃) ချက်ကို ဖြေရှင်းချက်ပေးရန် ပြည်ထောင်စု ရွှေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး ဦးဆောင်သော အဖွဲ့က ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ခေါင်းဆောင်များကို ပြောကြားခဲ့သည်ဟု  ရန်ကုန်တိုင်း၊ ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က နိရဉ္စရာသို့ ပြောသည်။
“ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကို ပြည်ထောင်စု ရွှေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး အပါဝင် အဖွဲ့ဝင်တွေက ဒီလ  ၂၄ရက်နေ့  နံနက် ၁၀ နာရီမှာ နေပြည်တော် ပြည်ထောင်စု ကော်မရှင်ရုံးကို ခေါ်ပြီး တော့ သတိပေးတာပါ။ ”
ဦးဇော်အေးမောင်က ဆက်လက်ပြီး “ ဥက္ကဌ ဦးတင်အေး ပြောတဲ့ အထဲမှာ သတိပေးချက်အချက် (၃)ချက် ပါတယ်။ နံပါတ်(၁) အချက်က ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက မသီတာထွေး ဓါတ်ပုံနဲ့ ပြက္ခဒိန် ထုတ်တယ်။ အဲဒါက ဘာရည်ရွယ်ချက်နဲ့ ထုတ်သလဲပေါ့။ ဒုတိယ နံပတ် (၂) အချက်က ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ရခိုင်ပြည် အချုပ်အခြာ အာဏာကျဆုံး တဲ့နေ့ အခမ်းအနား ကျင်းပ ပြုလုပ်မယ့် အစီအစဉ်ကို ကြားတဲ့ အတွက် ဒို့တာဝန် အရေး(၃) ပါးကို ထိခိုက်အောင် လုပ်တာ ဟုတ်မဟုတ် ဖြေရှင်းချက် ပေးဖို့ တောင်းပါတယ်။ တတိယ အချက်ကတော့ ကျွန်တော်တို့ ပါတီက ထုတ်တဲ့ တိုးတက်ရေး သတင်းလွှာမှာ ပါတဲ့ ဆောင်းပါး သတင်းခေါင်းစဉ် တစ်ခုမှာ မူဆလင် ဘာသာဝင် တွေကို ထိခိုက်တဲ့ စကားလုံး အသုံးအနှုန်းတွေ ပါတယ်ဆိုပြီးတော့ မြန်မာ မူဆလင် အဖွဲ့ချုပ် ခေါင်းဆောင် ဟာဂျီ ဦးလှဝင်းက လက်မှတ် ရေးထိုးပြီးတော့ သမ္မတရုံးကိုတိုင်ထားတယ်။ အဲဒါကြောင့် ပြည်ထဲရေးဝန်ကြီးနဲ့ သမ္မတရုံးကခေါ်ယူပြီးတော့ ဖြေ ရှင်းချက်ပေးပါလို့ ပြောပါတယ်။ အဲဒီ အချက်တွေအပေါ်မှာ ခိုင်မာတဲ့ ဖြေရှင်းချက် မရှိရင်တော့ ဥပဒေအရ အရေး ယူမယ်လို့ ပြောပါတယ်” ဟု ဆိုသည်။
အဆိုပါ အချက်များနှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်ကို  ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ပါတီဥက္ကဌ ဒေါက်တာအေးမောင်ယခုလို ရှင်းပြခဲ့သည်ဟု ဦးဇော်အေးမောင်က ပြောသည်။
“ကျွန်တော်တို့ဥက္ကဌ ဒေါက်တာအေးမောင်က ဘယ်လိုဖြေရှင်းခဲ့လည်းဆိုတော့ ဒေါ်သီတာထွေးဟာ အသက် ဆုံးသွားပြီး ဖြစ်တယ်။ ဒီအပေါ်မှာ သူ့မိဘတွေက ဒေါ်သီတာထွေး နာမည်နဲ့ ကျောင်း တစ်ကျောင်း လှူချင်တယ်။ အဲသလို လှူခြင်းအားဖြင့် သူလည်းကောင်းရာ သုကတိသို့ ရောက်သွားမှာ ဖြစ်တယ်။ ဒေါ်သီတာထွေး တက်ခဲ့တဲ့ ကျောင်းကိစ္စနဲ့ ပညာရေးဝန်ကြီးကို ဒေါက်တာအေးမောင်တို့ တင်ပြတဲ့ အခါ ကိစ္စမရှိဘူးလို့ ပြောတယ်။ အဲဒါကြောင့် သမ္မတ ဆီသွားပြီးတော့ သမ္မတကို တင်ပြတဲ့အခါ သမ္မတက အလှူငွေတချို့ ပေးပါတယ်။ ဒါပေမဲ့ ကျောင်းဆောက်ဖို့ မလုံ လောက်တဲ့အတွက်နဲ့ သီတာထွေး အဖေအမေနဲ့ သွားဆွေးနွေးတဲ့ အခါမှာ သီတာထွေး မသေဆုံးခင် သီလရှင် အ၀တ်နဲ့ ရိုက်ခဲ့တဲ့ပုံ၊ သူ ၅တန်း ၆တန်းတုန်းက ရိုက်ခဲ့တဲ့ပုံ၊ အဲဒီဓါတ်ပုံတွေနဲ့ထုတ်ဖို့ သီတာထွေး အဖေအမေ တွေက အကြံပြုချက် အရ ကျွန်တော်တို့ CEC အဖွဲ့က ဆုံးဖြတ်ချက်တခုယူပြီးတော့ ရံပုံငွေ ရှာဖွေရေး လုပ်ကြ တာပါ။ ခေါင်းစဉ် ကိုယ်တိုင်က သီတာထွေးအထိမ်းအမှတ် ကျောင်းဆောင်ဖြစ်မြောက်ရေး ရံပုံငွေ ဆိုပြီးတော့ ပါပါတယ်။ ပြက္ခဒိန် တခုကို ကျပ် ၅၀၀နဲ့ရောင်းတာပါ။ အဲလို ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ ပြဿနာ ထပ်ဖြစ်ပွားအောင်အတွက် လုပ်တာ မဟုတ်ဘူးလို့ ရှင်းပြခဲ့ပါတယ်” ဟုပြောသည်။
ရခိုင်ပြည် အချုပ်အချာ အာဏာ ကျဆုံးနေ့နှင့် ပတ်သက်ပြီး ဗဟိုကော်မီတီဝင် ဒေါ်အေးနုစိန်က ယခုလို ရှင်းပြခဲ့ကြောင်း သူမက ယခုလို ပြောသည်။
“ ဒီကိစ္စဟာ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ပြိုကွဲအောင် လုပ်တာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ အေးအတူ ညီမျှ ၀ါဒ တူကြမယ်။ ၀ါဒဖြူ စင်ကြမယ်ဆိုပြီးတော့ မြန်မာနိုင်ငံအမျိုးသား သီခြင်းမှာ ပါတယ်။ ဒီအတွက်နဲ့ မြန်မာ နိုင်ငံသားတွေက သီပေါ ဘုရင်ကို လွမ်းဆွတ် ပိုင်ခွင့် ရှိသလို ကျွန်မတို့ အနေနဲ့လည်း  ရခိုင်တို့ရဲ့ နောက်ဆုံး ဘုရင် ဖြစ်တဲ့ မဟာသမ္မတမင်းကို လွမ်းဆွတ် ပိုင်ခွင့် ရှိတယ်။ ခွင့်တူ ညီမျှ မဟုတ်ဘူးလား။ အဲဒီ အတွက်နဲ့ အကျွန်တို့က ပြည်ထောင်စု စည်းလုံး ညီညွတ်မှုကို ပျက်ပြားအောင် လုပ်တာ မဟုတ်ဘူး။  တိုင်းရင်းသားတွေ စုစည်းလုံးမှုကို အပြုသဘောနဲ့ လုပ်တယ်လို့ ပြောပြခဲ့ပါတယ်” ဟုဆိုသည်။
ဦးဇော်အေးမောင်ကလည်း “ မူဆလင်ဘာသာကို စော်ကားတဲ့ ဆောင်းပါးကို နောက်နောင် မဖြစ်အောင် ကျွန် တော်တို့ ထိန်းသိမ်း သွားမယ်လို့ ရှင်းပြခဲ့ပါတယ်။ ပြီးရင် သီတာထွေး ကိစ္စနဲ့လည်း ပြောပြခဲ့ပါတယ်။ သီတာထွေး မိသားစုကပြောပြချက်အရ သီတာထွေးဟာ မကျွတ်မလွတ်သေးဘဲ ရှိနေတယ်။ အဲဒီအပေါ်မှာ သီတာထွေးရုပ်ပုံ နဲ့ပြက္ခဒိန်ထုတ်လိုက်တဲ့ အားဖြင့် သူ့ရဲ့ အလှူ ဖြစ်သွားပါတယ်။ သီတာထွေး ကိုယ်စား ကျွန်တော်က ဘယ်လောက် ဘဲငွေလှူလှူ သူ့အနေနဲ့က အလှူဒါန်း အပြည့်အ၀ မရဘူး။ အဲဒါကြောင့် သီတာထွေးကိုစား သီတာထွေးဓါတ်ပုံနဲ့ ရုပ်ပုံ ထုတ်လိုက်တဲ့ အတွက် ရတဲ့ငွေနဲ့ ကျောင်းဆောက်တာဟာ ကြီးမြတ်တဲ့ အလှူဖြစ်တဲ့အတွက် သီတာထွေးဟာ အကျွတ် ရသွားမယ်လို့ သူ့အမေတို့ ဘက်ကယူဆထားတဲ့ အတွက်ကြောင့် ကျွန်တော်တို့က ပြုလုပ်တာဖြစ်တယ်လို့ ရှင်းပြပါတယ်” ဟုပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ခေါ်ယူ သတိပေးရာသို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှာ ဒေါက်တာ အေးမောင်၊ ဦးဇော်အေးမောင်၊ ဦးဘရှိန်၊ ဦးမြင့်နိုင်၊ ရှေ့နေမကြီး  ဒေါ်အေးနုစိန်တို့ တက်ရောက်ခဲ့သည်ဟု သိရသည်။
သတိပေး မေးမြန်းရာတွင် တခြား ပါတီနှစ် ခုဖြစ်သည့် ရခိုင်ပြည်နယ် အမျိုးသား အင်အားစုနဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ ချုပ်တို့ကိုလည်း သက်သေအဖြစ်ခေါ်ယူ ထားသည်ဟုသိရသည်။ ခေါ်ယူသတိပေးမူကို  နံနက် ၁၀နာရီမှ ၁၂ရီမှာ ထိပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင်က နိုဝင်ဘာလလယ်ပိုင်းက သမ္မတထံ တင်ပြတဲ့ ကြားဖြတ်အစီရင်ခံစာပါ အချက်တွေကို ဒီဇင်ဘာ ၂၄ ရက် ရက်စွဲနဲ့ သတင်း ထုတ်ပြန်လိုက်ပါတယ်။
ကြားဖြတ်အစီရင်ခံစာပါ တင်ပြချက်တွေထဲမှာ ပဋိပက္ခ္ခချုပ်ငြိမ်းရေးအတွက် လုပ်ဆောင်သင့်တာတွေအပေါ် အကြံပြုချက် ၄ ချက်၊ နိုင်ငံတော်အစိုးရအနေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်သင့်တဲ့ လုပ်ငန်းစဉ်တွေအပေါ် အကြံပြုချက် ၂၆ ချက်နဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် အကြံပြုချက် ၉ ချက်တို့ ပါဝင်ပါတယ်။
ကော်မရှင်ရုံးအဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်ဟာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌက သတင်းမီဒီယာတွေကို တွေ့ရှိချက်တချို့ ရှင်းလင်းသလို အခါအားလျော်စွာ ရှင်းလင်းသွားမယ်လို့ ပြောဆိုအပြီးမှာ ရခိုင်ကော်မရှင်ဘက်ကလည်း လိုက်ပါလုပ်ဆောင်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) အကြီးအကဲနဲ့ အီရန်လွှတ်တော်အမတ်တွေ  မြန်မာပြည်ကိုလာဖို့ ရှိနေစဉ်မှာ  သတင်း ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ရခိုင်စုံစမ်းရေးကော်မရှင်ဟာ ပဋိပက္ခဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ဒေသတွေကို အောက်တိုဘာလကုန်ထိ ကွင်းဆင်းလေ့လာ သုတေသနလုပ်လို့ ရရှိတဲ့ အချက်အလက်တွေနဲ့ ပြည်တွင်းပြည်ပက ရရှိတဲ့ စာအုပ်စာတမ်း အထောက်အထားတွေကို ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ပြီး ကြားဖြတ်အစီရင်ခံစာကို သမ္မတထံ နိုဝင်ဘာ ၁၆ ရက်က တင်သွင်းခဲ့တာလို့ ဆိုပါတယ်။
အဲဒီအချက်တွေထဲမှာ နိုင်ငံတကာ လူ့အခွင့်အရေးစံတွေနဲ့အညီ ဆောင်ရွက်နိုင်ရေး၊ ဆောင်ရွက်မှုတွေ ပွင့်လင်းမြင်သာမှုရှိရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူတွေ လုံလုံခြုံခြုံနေထိုင်နိုင်ရေး၊ အစားအစာဖူလုံရေး၊ ကျန်းမာရေးလုံခြုံမှုရှိရေး၊ ဒုက္ခသည်တွေရဲ့ စိတ်ဓာတ်ရေးရာ မတည်ငြိမ်မှု၊ အကြောက်တရားလွှမ်းမိုးမှုတွေကို အမြန်ကုစားနိုင်ရေး၊ သတင်းမှန်တွေကို တိတိကျကျမှန်မှန်ကန်ကန်နဲ့ လျင်လျင်မြန်မြန် ထုတ်ပြန်နိုင်ရေးတို့ ပါဝင်ပါတယ်။
ဒါ့အပြင် လမ်းပန်းဆက်သွယ်မှု ပိုကောင်းအောင်လုပ်ပေးဖို့၊ အစိုးရနဲ့ နိုင်ငံတကာအဖွဲ့တွေပူးပေါင်းပြီး ဒုက္ခသည်တွေကို အကောင်းဆုံး ကူညီနိုင်မယ့်လုပ်ငန်းလမ်းညွှန်တခု အမြန်ရှာဖွေဖော်ထုတ်ရေး၊ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကိုမဆို ဖြစ်ခဲ့တဲ့ပဋိပက္ခအပေါ် မိမိအကျိုးနဲ့ မိမိအဖွဲ့အစည်းအကျိုးအတွက်  အသုံးချခြင်းမှ တားမြစ်ကာကွယ်ရေး၊ ဘာသာရေးအစွန်းရောက်အတွေးအခေါ်များ ၀င်မလာရေးအတွက် ကာကွယ်ရေး၊ တရားမ၀င်ခိုးဝင်လာသူများမရှိစေဖို့နဲ့ ထိရောက်စွာကာကွယ်ဖို့။ လာဘ်ပေးလာဘ်ယူကင်းရှင်းစေဖို့နဲ့ လှုံ့ဆော်သူတွေကို ဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူဖို့ တင်ပြထားပါတယ်။
ဆက်လက်ပြီး နိုင်ငံသားဥပဒေပြုရေးကိစ္စတွေ၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးအတွက် နှစ်ဘက်အဖွဲ့အစည်းက ရပ်တည်ချက်သဘောထားမှန်တဲ့ ခေါင်းဆောင်တွေပါဝင်တဲ့ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မယ့်အဖွဲ့ (Task Force) တခုဖွဲ့စည်းရေး၊ လူနေမှုအဆင့်အတန်းပိုမြင့်လာဖို့ မိသားစုစီမံကိန်းတွေ၊ သားဆက်ခြားအစီအစဉ်တွေနဲ့ အချင်းချင်း မယုံကြည်မှုတွေ လျော့ကျစေမယ့် ပညာပေးအစီအစဉ်တွေနဲ့ ဖိုရမ်တွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ ပြုလုပ်ပေးဖို့၊ လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့အပြင် စနစ်မကျတဲ့ ဘာသာရေးကျောင်းတွေကို စိစစ်ကြပ်မတ်ရေး စတဲ့ အကြောင်းအရာတွေကို အစီရင်ခံခဲ့တယ်လို့ ဆိုပါတယ်။
စုံစမ်းရေးကော်မရှင်ရဲ့ ရုံးအဖွဲမှူး ဦးထန်ကျင်ထောင်းက “ကျနော်တို့က နိုဝင်ဘာ ၁၆ ရက်နေ့မှာ ကြားဖြတ်အစီရင်ခံစာတခု တင်လိုက်တယ်။ တင်လိုက်တော့ တချို့ကလည်း မေးတယ်ပေါ့။ ဘာသတင်းမှ မထုတ်ပြန်ဘူးလား ဘာညာဆိုပြီးမှမေးတယ်။ ဒါနဲ့ ဒီကလူကြီးတွေက သုံးသပ်တာက ကျနော်တို့က နိုင်ငံတော်သမ္မတက တိုက်ရိုက်တာဝန်ပေးထားတာလည်း ဖြစ်တယ်။ သမ္မတဆီကိုတော့ ကျနော်တို့ တွေ့ရှိချက်လေးတွေ။ သုံးသပ်ချက်လေးတွေ တင်ပြထားတယ်။ အဲဒီတော့ လိုအပ်တယ်ဆိုရင်တော့ သမ္မတရုံးက သတင်းထုတ်ပြန်တာတို့ ရှင်းလင်းတာတို့ သူတို့လုပ်မယ်ပေါ့။ သို့သော်လည်း ကော်မရှင်အဖွဲ့ဝင်ထဲက တချို့ကလည်း ထုတ်ပြန်ချက်လေးတခုခုပေါ့။ ကိုယ်ဘာလုပ်တယ်ဆိုတာလေးတော့ ပြည်သူလူထုကို အသိပေးထားရင်လည်း ကောင်းမယ် ဆိုတဲ့အတွက် ကျနော်တို့ သတင်းထုတ်ပြန်ချက် ၃ အနေနဲ့ ထုတ်ရခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။
စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်တွေထဲက မွတ်စလင် ၂ ဦးဖြစ်တဲ့ ဦးညွန့်မောင်ရှိန်နဲ့ ဦးမောင်မောင်သန်းတို့ ၂ ဦးကို ကော်မရှင်အဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ် သို့မဟုတ် ရပ်ဆိုင်းထားတဲ့ကိစ္စနဲ့ ပတ်သက်လို့တော့ နိုင်ငံတော်သမ္မတရုံးကသာ ဆောင်ရွက်ပိုင်ခွင့်ကိစ္စဖြစ်လို့ သူ့အနေနဲ့ ဖြေဆိုပိုင်ခွင့်မရှိပါဘူးလို့ ပြောပါတယ်။ ဒီကိစ္စကို နိုင်ငံတော်သမ္မတရုံးကလည်း မထုတ်ပြန် မရှင်းလင်းသေးသလို ကော်မရှင်အဖွဲ့ခေါင်းဆောင် ဒေါက်တာကျော်ရင်လှိုင်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရပါဘူး။
အဲဒီကြားဖြတ်အစီရင်ခံစာ တင်သွင်းတုန်းက ကော်မရှင်သက်တမ်းကို တိုးမြှင့်ပေးဖို့ မေတ္တာရပ်ခံချက်ကို လာမယ့် မတ်လကုန်ထိ သက်တမ်းတိုးမြှင့်ဆောင်ရွက်ဖို့အတွက် သမ္မတ ဦးသိန်းစိန်က လိုက်လျောခဲ့ပါတယ်။
ဒါကြောင့် ကော်မရှင်ဟာ အပြီးသတ်အစီရင်ခံစာ တင်သွင်းနိုင်ဖို့ အချက်အလက်တွေ ကောက်ယူတဲ့လုပ်ငန်းကို လာမယ့်နှစ် ဇန်န၀ါရီ ပထမပတ်မှာ ကွင်းဆင်းပြီး သုတေသနလုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ပါရှိပါတယ်။
၂၀၁၂ ခုနှစ် ဇွန်လကစလို့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခကြောင့် လူပေါင်းရာချီသေဆုံးခဲ့ပြီး လူနေအိမ်ခြေတွေ၊ ဘာသာရေးအဆောက်အဦတွေနဲ့ စာသင်ကျောင်းတွေ အမြောက်အမြား မီးရှို့ဖျက်ဆီးခံခဲ့ရပြီး လူသောင်းပေါင်းများစွာ ရှောင်တိမ်း ပုန်းအောင်းနေထိုင်နေကြရဆဲ ဖြစ်ပါတယ်။


ဒီဇင်ဘာလ ၂၄ရက်၊ ၂၀၁၂ခုနှစ်။ နန်းဖော့ဂေ (ကေအိုင်စီ)

မပြီးဆုံးသေးသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ကွန်ဂရက်(ညီလာခံ)တွင် တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်ဂျော်နီကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(KNLA) စစ်ဦးစီးချုပ်အဖြစ် ယနေ့ ရွေးချယ်ခန့်အပ်လိုက်ပြီဖြစ်သည်

၎င်းစစ်ဦးစီးချုပ်အပြင် ဒုစစ်ဦးစီးချုပ်အဖြစ် တပ်မဟာ(၅)မှူး ဗိုလ်မှူးချုပ်ဘောကျော်ဟဲကိုပါ KNU ဗဟိုထိပ်ပိုင်းခေါင်းဆောင် ၅ဦး နှင့် တပ်မဟာမှူး ၇ဦးတို့က တိုင်ပင်ညှိနှိုင်းကာ ကွန်ဂရက်ခမ်းမဆောင်၌ ယနေ့မနက်ပိုင်းက ရွေးချယ်လိုက်ခြင်းဖြစ်သည်။

ယနေ့ ဆက်လက် ပြုလုပ်သည့် ကွန်ဂရက် အစည်းအဝေးတွင် ရွေးကောက်တင်မြှောက်ထားသည့် ထိပ်ပိုင်းခေါင်းဆောင်ငါးဦး နှင့် ဗဟိုကော်မတီဝင်များက ကျန်ရှိနေသေးသည့် ဗဟိုအလုပ်အမှုဆောင်များကို ဆက်လက် ရွေးချယ်ရာ စစ်ဦးစီးချုပ်၊ ဒုစစ်ဦး စီးချုပ်၊ ပဒိုစောရောဂျာခင်၊ ပဒိုစောသမိန်ထွန်း၊ ပဒိုမန်းငြိမ်းမောင်နှင့် ပဒိုတာဒို့မူးတို့အား အတည်ပြု သတ်မှတ်လိုက်သည်။

ထို့အပြင် ဌာနဆိုင်ရာ တာဝန်ခံများကိုလည်း ရွေးချယ်သတ်မှတ်ခဲ့ရာ
ပဒိုမန်းဘထွန်း - သစ်တောဌာန
ပဒိုကော်ကဆာစောနေစိုး - လမ်းပန်းဆက်သွယ်ရေးဌာန
ပဒိုစောအဲ့ကလူရွှေဦး - ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန
ပဒိုစောလှထွန်း - စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန
ပဒိုစောလားစေး - ပညာရေးနှင့် ယဉ်ကျေးမှုဌာန
ပဒိုစောမြမောင်` - မွေးမြူရေးနှင့် ရေလုပ်ငန်းဌာန
ပဒိုစောရောဂျာခင် - ကာကွယ်ရေးဌာန
ပဒိုစောကဲလဲ - သတ္တုနှင့် မိုင်းဌာန
ပဒိုစောအဲ့ကလူစေး - တရားရေးဌာန
ပဒိုစောဒေးဗစ်သကဘော - မဟာမိတ်ဆက်ဆံရေးဌာန
ပဒိုစောအောင်ဝင်းရွှေ - နိုင်ငံခြားရေးဌာန
ပဒိုစောအားတိုး - ပြည်ထဲရေးနှင့် သာသနာရေးဌာန
ပဒိုစောဟေးစယ် - ဘဏ္ဍာရေးဌာန တို့ဖြစ်ကြသည်။

သို့သော် ယနေ့ အစည်းအဝေးသို့ မတက်ရောက်သူများရှိသလို လက်ရှိ ရွေးချယ်လိုက်သည့် ခေါင်းဆောင်များနှင့် တာဝန်ခံများ ကို ဒီဇင်ဘာလ ၂၆ရက်နေ့တွင် အခြားညီလာခံကိုယ်စားလှယ်များ ပါဝင်သည့် ကွန်ဂရက်ကို ပြန်လည်တင်ပြပြီး ထပ်မံ အတည် ပြုကာ ခေါင်းဆောင်များမှ ကျမ်းသစ္စာကျိန်ဆို၍ ကွန်ဂရက်ကို အဆုံးသတ်သွားမည်ဖြစ်သည်။

နိုဝင်ဘာလ ၂၆ရက်နေ့က စတင် ကျင်းပခဲ့သည့် KNU ကွန်ဂရက်မှာ ရက်သတ္တ လေးပတ်ကြာမြင့်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၀ ရက်နေ့မှသာ ရွေးကောက်ပွဲကို စတင်ခဲ့ပြီး ဗဟိုအမြဲတမ်းကော်မတီဝင် ၄၅ဦးကို လျှို့ဝှက်မဲစနစ်ဖြင့် နှစ်ဆင့် ရွေးချယ်ခဲ့ကြ သည်။

ဒီဇင်ဘာလ ၂၁ရက်နေ့တွင် ခရိုင်ဥက္ကဌနှင့် တပ်မဟာမှူးအားလုံး ပါဝင်သည့် ဗဟိုအမြဲတမ်းကော်မတီများထဲမှ KNU ဥက္ကဌအ ဖြစ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ဒုဥက္ကဌအဖြစ် ပဒိုနော်စီဖိုးရာစိန်၊ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ပဒိုစောကွယ်ထူးဝင်း၊ တွဲဖက် အတွင်းရေးမှူး(၁)အဖြစ် ပဒိုစောသောသီဘွဲနှင့် တွဲဖက်အတွင်းရေးမှူး(၂)အဖြစ် ပဒိုမန်းမန်းမန်းတို့အား လျှို့ဝှက်မဲစနစ် ဖြင့်ပင် ရွေးကောက်ခဲ့ကြသည်။

ထိုနေ့တွင်ပင် ကွန်ဂရက်ကိုယ်စားလှယ်များက တရားသူကြီးချုပ်ကို လျှို့ဝှက်မဲအများဆုံးရရှိသူ ပဒိုစောအားတိုးအား ရွေး ကောက်ခဲ့သော်လည်း သက်ဆိုင်သူမှ ငြင်းပယ်ခဲ့သည့်အတွက် ဒုတိယ မဲအများဆုံးရရှိသူ ပဒိုစောဒေါ့လေးမူအား တရားသူကြီး ချုပ်အဖြစ် ယနေ့ ပြောင်းလဲသတ်မှတ်လိုက်သည်။

Back to the Top

Related Posts Plugin for WordPress, Blogger...