11:05 PM
ကျေးဇူးရှင်တွေ ပေါတယ် များတယ် ဆပ်လို့ရယ် ကုန်နိုင်ပါ့မလားကွယ် (U Win Tin)
Posted by nankeythioo
ကျေးဇူးရှင်တွေ ပေါတယ် များတယ် ဆပ်လို့ရယ် ကုန်နိုင်ပါ့မလားကွယ် *
ဟံသာဝတီ ဦးဝင်းတင်၊ ဒီဇင်ဘာ ၅၊ ၂၀၁၂
ကျုပ်ဆိုတဲ့ ကျုပ်ကလည်း
သေ….. မသေနိုင်ဘူးဗျာ။ ရှစ်ဆယ်ကျော်လှပြီ။ သေပါတော့လား ။ မသေသေးဘူးဗျ။
ဘယ်တန်ခိုးရှင်ကများ ညိုမာန်နဲ့ အပိုအလျှံ အိုဒဏ်ပေးလေတယ်
မသိပါဘူးဗျာ။တကယ်ပါပဲ။ ၂၀၁၂ ကုန်ခါနီးပြန်ပြီ။ ကျူပ်ကမသေရေးချ မသေသေးဗျ
ဖြစ်နေတယ်ဗျာ။
ဘယ်တန်ခိုးတော်ရှင်ကများ
“ဟဲ့နိုင်ငံရေးကောင်။ နင်မသေရသေးဘူး။ နင်တို့ကို ထောင်စာကျွေး ခဲ့တဲ့
ပေါင်ဒါအဖွေးသား စစ်အာဏာရှင် ကိုယ်တော်ချောတွေရဲ့ နာရေးကြော်ငြာ အကြီးအကျယ်
တွေကို ဖတ်ပြီးမှ သေကြဟဲ့” လို့ အမိန့်တော်မြတ် ချမှတ်တော်မူလေသလား မသိပေါင်ဗျာ။
ကျုပ်တို့နိုင်ငံရေး
အကျဉ်းသားဟောင်းတွေက ထောင်ကြိုခေတ် ထောင်ပြင်မှာလည်းငတ်ခဲ့ပြီဗျာ။
ထောင်တွင်းခေတ်မှာ ထောင်ထဲမှာလည်း ငတ်ခဲ့ပြီဗျာ။ အခု ထောင်လွတ်ခေတ်
ထောင်ပြင်မှာလည်း ငတ်နေဆဲဗျာ။ ဗမာတစ်ခွင် မဟာသခင်ဆိုတဲ့
အာဏာရှင်ဟောင်းတွေကတော့ လက်ညှိုးညွှန်ရာ ငွေဖြစ်နေကြတဲ့ သူတွေဗျ။
ဘယ်သူ ဘယ်ဝါ ဘယ်ကလောက်
ငွေဖြစ်ခဲ့ကြသလဲ။ ကျုပ်မသိပါဘူး။ စစ်အာဏာရှင်ဟောင်းတွေ ကတော့
လက်ညှိုးတထိုးထိုး လုပ်နေကြလေရဲ့ဗျာ။ ငွေတွေကလည်း ဖြစ်-ဖြစ်နေလေသကိုး။
ကြားကြမှာပေါ့။
ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့အပေါင်းပါတစ်စုရဲ့ အိမ်တော်ပါတွေအတွက်
အပိုထောက်ပံ့ကြေးဆိုတာ တောင်းထားတာလေ။ လူကလည်း သိပ်မများပါဘူး။ ထမင်းချက်၊
တံမြတ်လှည်း၊ ဥယျာဉ်ထဲ ရွက်ကြွေကောက်၊ ထဘီခေါက်၊ ဆံပင်ဆိုး၊
ဘိုးဘိုးကြီးအနှိပ်တော်ဆက်၊ အဘက်ဘက်အဖုံဖုံ လုပ်ငန်းတွေ စုံတကာစေ့အောင်
ခိုင်းထားတဲ့လူတွေလေ။ နည်းတော့ မနည်းဘူးပေါ့။ များတော့ကော
ဘာဖြစ်ရဦးမှာလဲဗျာ။
အခု ပြည်ထောင်စု
လွှတ်တော်မှာ တောင်းထားတာက လူပေါင်း ၄၀၀ ကျော်လောက်အတွက်ပါ။ ငွေကလည်း
ကျပ်သိန်းပေါင်း ၁၇၀၀ လောက်ပါ။ ဒါလေးများ စကားထဲ ထည့်ပြောနေရဦး မှာလားဗျာ။
ဟဲ…….ဟဲ။
လူကြီးတွေ၊ လူကြီးကတော်
တွေ၊ လူကြီး သားတော်သမီးတော်တွေကို ရေပူရေချမ်း ကမ်းနေသူတွေ မဟုတ်လား။
လူကြီးတွေက ကျေးဇူးရှင်တွေဆိုတော့ သူတို့လည်း ကျေးဇူးရှင် ကြီးတွေရဲ့
ကျေးဇူးရှင်လေးတွေလေဗျာ။
အဲ့ဒီ
ကျေးဇူးရှင်ကြီးတွေတို့ ဆိုတာက အခုနိုင်ငံတော်သမ္မတကြီးတို့ဆိုသူတွေရဲ့
ကျေးဇူးရှင်တွေ လေဗျာ။ ကျေးဇူးသိရမှာပေါ့။ မင်္ဂလာ တရားတော် မမေ့ကြနဲ့နော်။
နိုင်ငံတော်
သမ္မတကြီးတို့ကတော့ မမေ့လို့ပဲ အဲ့ဒီလို ကျေးဇူးရှင်တွေကို
ထောက်ပံ့ဖို့သူ့ရဲ့ လစာရိက္ခာ တော်တွေကိုတောင် ဖြစ်ညှစ်လျှော့ပေါ့
ယူနေရှာတယ်ဗျ။ တစ်လမှ တစ်ဆယ့်ငါးသိန်း လောက်ပဲယူရှာတာ ကြည့်လေ။
တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေက သာခွေယိုင် မဟုတ်လား။ ကောင်းလှတာ
မဟုတ်ဘူးလေဗျာ။ သူတို့ အလိုက်ကမ်းဆိုး သိရှာပါတယ်။
ကျူပ်ကတော့ ခေါင်းသုံးလုံးရွယ် ဆိုတော့ခါးကုန်းလေ၊ အကျယ်မြင်လေ၊ အရှည်တွေးလေ ဖြစ်နေ တယ်ဗျာ။
ကျေးဇူးသိတတ်တဲ့
သမ္မတအစိုးရရဲ့ ဝန်ကြီးတစ်ပါးက လက်ပံတောင်းကြေးနီတောင်မှာ ကယောင်က
တမ်းအပြေးအလွှား မိန့်ခွန်းစကားတွေ ခြွေခဲ့တယ်ဗျာ။ ဘာတွေပြောမှန်းမသိပါဘူး။
ဝန်မင်းရဲ့ စကားတစ်ချို့ ကိုတော့ ဟိုက၊ ဒီက ကြားလိုက်ရသဗျ။
ဝန်းမင်းကပြောတယ်တဲ့။ တရုတ်ပေါက်ဖော်တွေရဲ့ ကျေးဇူးတော်ကို မ မေ့ကြနဲ့တဲ့။
တရုတ်နိုင်ငံဟာ ကျေးဇူးရှင်ကြီးတွေတဲ့။ တရုတ်ကျေးဇူး ဧရာမကြီးသတဲ့။
ကြေးစင်တောင်ထက် ကြီးတယ်။ မြင်းမိုရ်တောင်လောက် ကြီးတယ်လို့
ဆိုလိုတာနဲ့တူပါရဲ့။
ကျုပ်က ဒီလို တွေးကြောက်မိသဗျာ။
တရုတ်မွေးလို့
အမွေး-အတောင်ပေါက်တဲ့ စစ်အာဏာရှင်ကြီးတွေကိုတောင် ကျုပ်တို့ ဒီလောက်
ကျေးဇူးသိနေကြ ရမှာလား။ တရုတ် ကိုယ်တော်ကြီးတွေကိုဆို ဘယ်ပြောကောင်းမလဲ။
တော်ကြာ သမ္မအစိုးရမင်းများက တရုတ်ပေါက်ဖော် ကျေးဇူးတော်ကို သိကြဟဲ့၊
ဆပ်ကြဟဲ့ဆိုပြီး လွှတ်တော်တင်လား၊ တောင်းလား ဆိုလား၊ ဆုံးမလား လုပ်လာရင်၊
သက်သာမှာ မဟုတ်ဘူးဗျို့။
ကျုပ်ခမျာ ဒီလိုတွေးကြောက်တာတွေလည်း ရှိသဗျ။
စစ်အာဏာရှင်ကြီးတွေဟာ
ကျုပ်တို့ရဲ့ ကျေးဇူး ရှင်တွေလား၊ မဟုတ်ရေးချ မဟုတ်ဗျ။ စစ်အာဏာရှင်ကြီးတွေက
စစ်အာဏာရှင် အသေးစားတွေ၊ ချွတ်တားဝါး လားတွေရဲ့ ကျေးဇူးတော် ရှင်တွေသာ
ဖြစ်ကောင်းဖြစ်မှာ ပေါ့ဗျာ။ ဒီအတိုင်းပဲ။ တရုတ်ပေါက်ဖော်တွေဆိုတာ
စစ်အာဏာရှင် ကြီးတွေရဲ့ ကျေးဇူးတော်ရှင်တွေသာ ဖြစ်ပေမှာပေါ့ဗျာရယ်လို့
မကြောက်မတမ်း ပြောချင်သဗျ။
ဘာပြောပြောဗျာ။
ကျုပ်ကတော့ ပူမိတယ်ဗျာ။ အစိုးရက တရုတ်ကျေးဇူးတော်ကို ဆပ်ကြရမဟဲ့ ဆိုပြီး
အမိန့်တော်မြတ် ချမှတ်မယ်ဆိုပါတော့။ ငါမသေခင် ထမင်းမှ
ဝအောင်စားသွားရပါ့မလား ရယ်လို့ ဗိုက်တပွတ်ပွတ် ဖြစ်နေမိသဗျာ။
ကျုပ်ရဲ့
ဥာဏ်တစ်မိုက်တစ်ထွာနဲ့ မိုက်ရာကျကျ ပြောလိုက်မယ်။ စစ်အာဏာရှင်တွေရဲ့
ကျေးဇူး ဆိုတာ တိုင်းပြည်အပေါ်မှာ မူးလို့တောင် ရှူစရာမရှိဘူးဗျ။ နေပြည်တော်
ဆောက်တာ ဘာညာတွေ လာဖြီးမနေနဲ့။ လမ်း၊ တံတားဆောက်တာ ဘာညာတွေ လာဖိန်းမနေနဲ့။
အဲ့ဒါ တိုင်းပြည်ရဲ့ သယံဇာတ ရင်း မြစ်တွေကို တူးဆွခြေမွ
အမှုန့်ကြိတ်ရောင်းရလို့ ငွေတွေနဲ့ ဆောက်တာ၊ဖောက်တာတွေဗျ။ နှောက်တာ၊
ဖျောက်တာတွေတောင် လုပ်ခဲ့ကြသေးမဟုတ်လားဗျ။
ကျေးဇူးဆပ်ဖို့
ကျေးဇူးရှင်တွေကိုစာရင်းတင်စမ်းဟေ့လို့ ကျုပ်ကို ခိုင်းကြည့်။ ရှစ်လေးလုံး
အရေး တော်ပုံကြီးမှာ သွေးချောင်းစီးခဲ့သူတွေကို ကျုပ်စာရင်းတင်မှာပဲ။
အရေးတော်ပုံ အဆက်ဆက် ဘဝပျက်ခဲ့သူတွေ ကို ကျုပ်စာရင်းတို့မှာပဲ။
ဒီနေ့ ကျုပ်တို့
စစ်ကျွန်ဘဝကလွတ်မြောက်၊ စစ်အာဏာရှင်အောက်က ရုန်းထွက်၊ လွတ်လပ်မှုအ သက်
မျှင်းမျှင်းလေးရှူနိုင်တဲ့ ဘဝရောက်ကြရတာဟာ အဲ့ဒီ အရေးတော် ပုံတပ်သားတွေရဲ့
ကျေးဇူးတော်အစုံ ဂုဏ်တော် အနန္တကြောင့်ဗျ။
အဲ့ဒီ ကျေးဇူးရှင်တွေကို ဘယ်သူကျေးဇူးသိမှာလဲ။ ဘယ်လို ကျေးဇူးဆပ်မှာလဲ။
အဲ့ဒါတွေကတော့
ဥပဒေပြုမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တို့ သွားဖြီးတမြမြအားကြီးတပြပြ
လုပ်နေကြတဲ့ လွှတ်တော်တွေက ပဲ ရုပ်လုံးဖော်နိုင်ကြမှာပါဗျာ။ ။
(ဟံသာဝတီဦးဝင်းတင် – ဒီလှိုင်းဂျာနယ်။ အတွဲ(၁)၊ အမှတ်(၄၆) မှ ကူးယူဖေါ်ပြပါတယ်)
0 comments:
Post a Comment