လူမှုကွန်ရက် အင်တာနက် စာမျက်နှာတွေပေါ်မှာ လက်ပံတောင်း သပိတ်ဖြိုခွင်းမှု
မတိုင်ခင် ဝေဖန်ခံရမှု၊ စိတ်ဝင်စားမှု အများဆုံး ခံနေရသူကတော့ သမ္မတရုံး
ဝန်ကြီးနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ပြည်တွင်းငြိမ်းချမ်းရေး
ဖော်ဆောင်မှုအဖွဲ့ ခေါင်းဆောင် ဦးအောင်မင်းပါပဲ။
ဝန်ကြီး ဦးအောင်မင်းတို့ အဖွဲ့ဟာ ပဋိပက္ခဖြစ်ပွားနေတဲ့ လက်ပံတောင်းတောင်
စီမံကိန်း ပြဿနာကို ဖြေရှင်းမယ့် နည်းလမ်းတွေ ရှာဖွေဖို့အတွက် ဒေသခံတွေ၊
သံဃာတော်တွေနဲ့ သွားရောက်တွေ့ဆုံစဉ်မှာ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွက်
ကျေးဇူး ကြီးမားတယ်၊ တရုတ်နိုင်ငံကို ကြောက်နေရတယ်လို့ ပြောခဲ့တဲ့ အပေါ်မှာ
လူအများရဲ့ ဝေဖန်မှု၊ ရှုတ်ချမှုတွေ ဆူညံသွားပါတော့တယ်။
တရုတ်ကြောက်ရကြောင်း ဦးအောင်မင်း ပြောဆိုနေတဲ့ ရုပ်သံ ဗီဒီဖိုင်ကို
ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ရဲ့ Citizen Journalist ရုပ်သံ အစီအစဉ်က
နိုဝင်ဘာလ ၂၃ ရက်နေ့က ထုတ်လွှင့်ပြီးနောက် ဝေဖန်ရှုတ်ချမှုတွေ ဆက်တိုက်
ပေါ်ထွက်လာ တာပါ။
ဦးအောင်မင်းက “၈၈ အရေးအခင်းကြောင့် တိုင်းပြည်ပျက်တော့
တပည့်တော်တို့မှာ စားစရာမရှိဘူး၊ စားစရာမရှိတော့ တရုတ်ဆီက စားစရာတွေကို
မူဆယ်လမ်းကြောင်းက သွင်းရလို့ တပည့်တော်တို့ အသက်ဆက်ရတာ။ အဲဒီကျေးဇူးတော့
ပြန်ကြည့်ရတယ်ဘုရား” လို့ ဆိုတယ်။
ဧရာဝတီ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်တဲ့ အပေါ်မှာလည်းပဲ တရုတ်က
စိတ်ဆိုးနေကြောင်း၊ စီမံကိန်းတွေ ဖျက်သိမ်းမယ်ဆိုရင် ဒေါ်လာ ဘီလီယံနဲ့ချီ
လျော်ကြေးပေးရမယ်လို့ ပြောဆိုသွားတယ်။ ဦးအောင်မင်းက အဲဒီလို ပြောပေမယ့်
ဒေသခံတွေကတော့ တရုတ်ဟာ မြန်မာနိုင်ငံရဲ့ကျေးဇူးရှင် မဟုတ်တဲ့အတွက်
ကြေးနီတောင်စီမံကိန်း လုံးဝဖျက်သိမ်းပေးဖို့အတွက်ပဲ ပြောဆိုကြတယ်။
စီမံကိန်း ဖျက်သိမ်းရေးအတွက် ဒေသခံပြည်သူတွေနဲ့ ဦးအောင်မင်းတို့
အကြိတ်အနယ် ဆွေးနွေးရတဲ့အပေါ်မှာတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး
သူ့မှာဆုံးဖြတ်ပေးပိုင်ခွင့် မရှိဘူး၊ ပြည်သူတွေရဲ့အသံကို နိုင်ငံတော်
သမ္မတထံ တင်ပြပေးသွားမယ်လို့သာ ဦးအောင်မင်းက အဖြေပေးပြီး ပြန်သွားခဲ့တယ်။
ဦးအောင်မင်း ပြန်သွားပြီး ရက်ပိုင်းအကြာ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃
နာရီအချိန်မှာပဲ ကြေးနီစီမံကိန်း ဒေသတ၀ိုက်မှာရှိတဲ့ ဆန္ဒထုတ်ဖော်ရေး
သပိတ်စခန်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေ၊
မီးလောင်ဗုံးတွေနဲ့ အကြမ်းဖက် ဖြိုခွင်းတဲ့ အတွက် သံဃာတော်တွေနဲ့
ပြည်သူအများအပြားဟာ ဒဏ်ရာတွေ ပြင်းထန်စွာ ရရှိသွားကြတယ်။
အဲဒီစီမံကိန်းဟာ ဒေသခံပြည်သူတွေအတွက် အကျိုးမရှိတဲ့အပြင်
သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု၊ သမိုင်းဝင် သာသနာ့ နယ်မြေတချို့
ဆုံးရှုံးမှာ ဖြစ်လို့ စီမံကိန်း ဖျက်သိမ်းရေးအတွက် သပိတ်စခန်း
တည်ဆောက်ပြီး ဆန္ဒထုတ်ဖော်နေကြရင်း အခုလို အကြမ်းဖက်မှု ခံလိုက်ရတာပါ။
ဦးအောင်မင်းဟာ ယခင်နအဖ အစိုးရလက်ထက်တုန်းက မီးရထားဝန်ကြီးအဖြစ်
တာဝန်ထမ်းဆောင်ခဲ့ပြီး ဦးသိန်းစိန် အစိုးရလက်ထက်မှာလဲပဲ မီးရထားဝန်ကြီး
တာဝန်ကို တနှစ်နီးပါးလောက် ထမ်းဆောင်ခဲ့ပြီး သမ္မတရုံး ၀န်ကြီးအဖြစ်
ပြောင်းလဲတာဝန်ပေးခံရတယ်။ စစ်တပ်ရဲ့ ထောက်လှမ်းရေး တပ်ဖွဲ့မှာလည်းပဲ
နှစ်အတော်ကြာ ထမ်းဆောင်ခဲ့သူ ဖြစ်တဲ့အတွက် လက်ရှိလုပ်ဆောင်တဲ့ နိုင်ငံရေး
လုပ်စဉ်တွေမှာ ထောက်လှမ်းရေး ပညာတွေ သုံးလေ့ရှိတယ်လို့ နိုင်ငံရေး
အကဲခတ်တချို့က ပြောပါတယ်။
မီးရထားဝန်ကြီး တာဝန် နှစ်အတော်ကြာ ထမ်းဆောင်ခဲ့တဲ့ ဦးအောင်မင်းက
အဲဒီဌာနဟာ သူ့လက်ထက်မှာ မီးရထားလမ်း မိုင် ရာပေါင်းများစွာ
ဖောက်လုပ်နိုင်တဲ့အကြောင်း၊ သူ့ကဲ့သို့ စေတနာရှိရှိနဲ့ လုပ်ကိုင်မယ့်သူ
ပေါ်ပေါက်မှသာ မီးရထား ၀န်ကြီးတာဝန်ကို လွှဲပေးမယ်လို့လည်း၂၀၀၉ ခုနှစ်က
ဖွင့်လှစ်ခဲ့တဲ့ ပခုက္ကူ-ကျွန်းချောင်း မီးရထားလမ်း ဖွင့်ပွဲအပြီး ပြည်တွင်း
ဂျာနယ်သတင်း ထောက်တွေကို ပြောဆိုခဲ့သူပါ။ ဖွင့်ပွဲအခမ်းအနားအပြီး
မီးရထားနဲ့ လှည့်ပတ်ကြည့်စဉ် ရထားပေါ်မှာပဲ သတင်းထောက်တချို့နဲ့ တွေ့ဆုံစဉ်
ဦးအောင်မင်းက အဲဒီလို ပြောဆိုခဲ့တာပါ။
ဦးသိန်းစိန် အစိုးရလက်ထက်မှာလည်းပဲ မီးရထားဝန်ကြီး တာဝန်မှ
သမ္မတရုံးတာဝန်ကို ပြောင်းလဲ ပေးအပ်ရခဲ့ပြီးတော့ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့
ပြည်တွင်းငြိမ်းဆောင်ရေး ဖော်ဆောင်မှု ကော်မတီ ဒု ဥက္ကဋ္ဌအဖြစ်လည်း တာဝန်
ထမ်းဆောင်ပါတယ်။
ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့
၁၀ ဖွဲ့နဲ့ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူမှု
လက်မှတ်ရေးထိုးထားနိုင်ပြီး ပြည်ထောင်စုအဆင့်၊ နိုင်ငံရေးအရ
ဆွေးနွေးနိုင်ဖို့လည်း ကြိုးပမ်းနေသူပါ။
တိုင်းရင်းသား ခေါင်းဆောင်တွေကတော့ ဦးအောင်မင်းဟာ သဘောထား
ပျော့ပျောင်းသူလို့ ယူဆရပေမယ့် အလွတ်ပြောတာတွေ များနေပြီး လက်တွေ့
အကောင်အထည်ဖော်မှု နည်းတယ်လို့ ဆိုကြပါတယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေက
နိုင်ငံရေးအရ ဆွေးနွေးဖို့ ကမ်းလှမ်းနေပေမယ့် ဦးအောင်မင်းက
စီးပွားရေးကိုပဲ စောင်းပေး ဆွေးနွေးနေတယ်လို့ မွန်ပြည်သစ်ပါတီ အထွေထွေ
အတွင်းရေးမှူး နိုင်ဟံသာက ပြောပါတယ်။
“ပြည်ထောင်စု အဆင့်၊ နိုင်ငံရေးအရ ဆွေးနွေးဖို့ ကမ်းလှမ်းထားတာ
ကြာပါပြီ၊ အခုအထိ အကြောင်းမပြန်သေးဘူး။ ကျနော်တို့က နိုင်ငံရေးအရပဲ
ဆွေးနွေးချင်ပေမယ့် ဦးအောင်မင်းက စီးပွားရေးပဲ ဆွေးနွေးတယ်” လို့
နိုင်ဟံသာက ဆိုတယ်။
ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို
တောက်လျှောက်လိုက်ပါ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး အကျိုးဆောင် တဦးဖြစ်သူ
ဦးလှမောင်ရွှေကတော့ ဦးအောင်မင်းဟာ ယခင်အစိုးရ လက်ထက်က ဘယ်ဝန်ကြီးမှ
မလုပ်နိုင်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အောင်မြင်အောင်
လုပ်နိုင်တဲ့ပုဂ္ဂိုလ်လို့ ပြောပါတယ်။
“KNU ခေါင်းဆောင် ဖဒိုမန်းရှာ လုပ်ကြံခံရတဲ့ ဘယ်သူမှ မသွားရဲတဲ့
မဲဆောက်လို နေရာမျိုးတွေ၊ KIO နဲ့ ဆွေးနွေးဖို့ မိုင်ဂျားယန် လိုနေရာတွေကို
ဦးအောင်မင်းဟာ စွန့်စွန့်စားစား သွားပြီးတော့ ငြိမ်းချမ်းရေးစကားတွေ
ပြောနေသူပါ” လို့ ဦးလှမောင်ရွှေက ဧရာဝတီကို ပြောပါတယ်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ရိုးရိုးသားသား၊ ဟိတ်ဟန် မရှိဘဲ
ဆောင်ရွက်နေသူ၊ ပွင့်ပွင့်လင်းလင်းနဲ့ လုပ်ဆောင်နေပြီး ပြည်တွင်း
ငြိမ်းချမ်းရေး တကယ်လိုလားနေတဲ့သူ ဖြစ်တယ်လို့လည်း ဆက်ပြောပါတယ်။
ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ဝင်နဲ့ ပြည်သူ့လွှတော်
ကိုယ်စားလှယ်တဦးကလည်း ဦးအောင်မင်းဟာ ငြိမ်းချမ်းရေး ကိစ္စတွေကို
အားတက်သရော လုပ်ဆောင်နေတာ တွေ့ရပေမယ့် လက်နက်ကိုင်အဖွဲ့တွေနဲ့
ဆွေးနွေးရာမှာတော့ စစ်တပ်ရဲ့ ထောက်ခံအားပေးမှု အပြည့်အ၀ရရှိမှသာ
အောင်မြင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ
တဦး ဖြစ်တဲ့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းက
ကော်မတီအစည်းအဝေးကျင်းပစဉ်က တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့
အစိုးရ စစ်တပ်တို့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာတွေ၊ ကျဆုံးတာ၊
ထိခိုက်ဒဏ်ရာ ရတာ၊ လက်နက်တွေ သိမ်းဆည်းရမိတဲ့ အကြောင်းတွေကိုပဲ
ဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေး၊ စစ်တပ်နေရာ ရွှေ့ပေးရေး ကိစ္စတွေကို
ဆွေးနွေးမှု မရှိဘူးလို့ ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က
ပြောပါတယ်။
အရပ်ဘက်ငြိမ်းချမ်းရေး အဖွဲ့နဲ့ စစ်တပ်ငြိမ်းချမ်းရေး အဖွဲ့တို့အကြား
သဘာထား ကွဲလွဲမှုတွေကြောင့် ပြည်ထောင်စုအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေဟာ
၂၀၁၅ မတိုင်မီ ဖြစ်မလာနိုင်ဘူးလို့ အဆိုပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က
သုံးသပ်ပါတယ်။
ပြည်တွင်းငြိမ်းရေး လုပ်ငန်းစဉ်ကိစ္စဟာ မရှိမဖြစ် ဆောင်ရွက်ရမယ်လို့
သဘောပေါက် နားလည်နိုင်သူ အနည်းငယ်ထဲမှာ ဦးအောင်မင်းလည်း တဦးပါဝင်ကြောင်း၊
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်းစုံနဲ့ ဆွေးနွေးရာမှာလည်းပဲ
တခြားဘက်က ပြောဆိုဆွေးနွေးတာတွေကို အလေးထား နားထောင်ပေးပြီး
နားလည်ပေးနိုင်သူ ဖြစ်ကြောင်း၊ ဒါပေမယ့် သူ့မှာ အခက်အခဲတွေ၊ ဝေဖန်မှုတွေလည်း
ရှိနေတယ်လို့ ဦးလှမောင်ရွှေက ဆိုတယ်။
သူ ဆက်ပြောတာကတော့ “သူ (ဦးအောင်မင်း) ဟာ ရိုးသားပွင့်လင်းပြီး
အခွင့်အရေး မယူတတ်ဘူး၊ သူ့အလုပ်ကို လေးစားတယ်၊ အားနည်းချက် တချို့တော့
ရှိမှာပေါ့လေ၊ သူက ပွင့်ပွင့်လင်းလင်း ပြောတတ်တယ်ဆိုတော့” လို့ ဆိုပါတယ်။
အရပ်ဘက်ပြောင်းခံရတဲ့ စစ်ဗိုလ်ချုပ်တွေ အများအပြားထဲမှာ ဦးအောင်မင်းဟာ
အပြောကောင်းသူ အဖြစ်လည်း အသိအမှတ်ပြုခံရသူပါ။ သူဟာစစ်ထောက်လှမ်ရေး
ဘ၀တုန်းကတည်းက ဗေဒင်၊ အင်းအိုင်ကိစ္စ ၀ါသနာပါသူ၊ သူထက် စီနီယာကျတဲ့ စစ်တပ်
အကြီးအကဲတွေကိုလည်း ဗေဒင်ကိန်းခန်ဒအရ ယတြာတွေ ချေပေးတတ်သူလို့
နီးစပ်သူတချို့ကတော့ ပြောကြပါတယ်။
စစ်ဗိုလ်ချုပ်ဟောင်း ဖြစ်ပေမယ့် သူဟာ နိုင်ငံရေးလုပ်ငန်းစဉ်တွေ
လုပ်ဆောင်ရာမှာ ကျွမ်းကျင်သူ၊ ပါးနပ်သူ ဖြစ်တယ်လို့လည်း သူနဲ့
ငြိမ်းချမ်းရေး ဆွေးနွေးဖူးတဲ့ တိုင်းရင်းသား ခေါင်းဆောင်တချို့က
မှတ်ချက်ပေးပါတယ်။ တဘက်သား တောင်းဆိုမှုကို အလွယ်တကူ အဖြေပေးတတ်သူဖြစ်ပေမယ့်
လက်တွေ့ မရှိဘူးလို့လည်း တိုင်းရင်းသား ခေါင်းဆောင် တချို့က ဝေဖန်တယ်။
ဦးအောင်မင်းဟာ စစ်တက္ကသိုလ် အပတ်စဉ် (၁၆) ကျောင်းဆင်းဖြစ်ပြီး ၂၁၀၀
ရွေးကောက်ပွဲ မတိုင်မီ စစ်တပ်ဗိုလ်ချုပ် အများအပြားကို အရပ်ဘက်ပြောင်းရာမှာ
ပါဝင်သူတဦးလည်း ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပါဝင်ယှဉ်ပြိုင် အနိုင်ရပြီး
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာတာပါ။ ဦးသိန်းစိန် အစိုးရအဖွဲ့
ဖွဲ့တဲ့အခါမှာတော့ မီးရထားဝန်ကြီးအဖြစ် ပြန်လည် တာဝန်ပေးအပ်တာ ခံရပါတယ်။
နအဖ အစိုးရလက်ထက် မီးရထားဝန်ကြီးတာဝန် မထမ်းဆောင်မီ တပ်ရင်းမှူး၊
တပ်မမှူး၊ ဗျူဟာမှူး၊ စစ်တိုင်းမှူး စတဲ့ တာဝန်တွေ အသီးသီး
ထမ်းဆောင်ခဲ့ကြောင်းလည်း သိရတယ်။ ဦးသိန်းစိန် အစိုးရလက်ထက်မှာတော့
မီးရထားဝန်ကြီး တာဝန်နဲ့ပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့
ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စတွေ ဆောင်ရွက်ရင်း နာမည်ကျော်ကြားလာသူလည်း
ဖြစ်တယ်။
ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင်အနေနဲ့ လက်နက်ကိုင်အဖွဲ့တွေအပြင်
ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ၊ လူထုအခြေပြု
အဖွဲ့တွေ အသီးသီးနဲ့ တွေ့ဆုံဆွေးနွေး အောင်မြင်မှု ရနေချိန်ပဲ
ကြေးနီစီမံကိန်း ကိစ္စနဲ့ပတ်သက်ပြီး တရုတ် ကျေးဇူးကြီးမားကြောင်း
ပြောဆိုလိုက်တဲ့အတွက် ဦးအောင်မင်း အပေါ် ဝေဖန် ရှုတ်ချမှုတွေ
ဆက်တိုက်ဖြစ်ပေါ်နေတာပါ။
အဲဒီလို ပြောတာတွေကြောင့် ဝေဖန်မှုခံရနေဆဲမှာ ကြေးနီစီမံကိန်း
အကြမ်းဖက်မှုကြောင့်လည်း ပြောဆိုဝေဖန်မှုတွေ၊ ဖိအားပေးမှုတွေ
ထပ်ရှိနေတာကြောင့် သူ့ရာထူး၊ တာဝန်တွေကနေ အနားယူတော့မယ်လို့ ကောလာဟလ
သတင်းတွေ ထွက်ပေါ်နေပေမယ့် အတည်ပြုလို့ မရသေးပါဘူး။
တရုတ်အစိုးရကတော့ လက်ပံတောင်း အကြမ်းဖက်မှုဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်း
ပဋိပက္ခသာ ဖြစ်တဲ့အတွက် သူတို့နိုင်ငံနဲ့ မသက်ဆိုင်ဘူးလို့ ကြေညာချက်
ထုတ်ပြန်ထားပါတယ်။
0 comments:
Post a Comment