12:06 AM
ပည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က RNDP ကို အချက် (၃)ချက်နှင့် ခေါ်ယူ သတိပေး
Posted by nankeythioo
ထွန်းထွန်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီအား ဒီဇင်္ဘာလ ၂၄ ရက်နေ့က ခေါ်ယူ သတိပေးခဲ့သည်ဟု သတင်းရရှိသည်။

ထိုသို့ ခေါ်ယူ သတိပေးရာတွင် အချက် (၃) ချက်ကို ဖြေရှင်းချက်ပေးရန်
ပြည်ထောင်စု ရွှေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး ဦးဆောင်သော အဖွဲ့က
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ခေါင်းဆောင်များကို
ပြောကြားခဲ့သည်ဟု ရန်ကုန်တိုင်း၊ ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး
ဦးဇော်အေးမောင်က နိရဉ္စရာသို့ ပြောသည်။
“ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကို
ပြည်ထောင်စု ရွှေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး အပါဝင် အဖွဲ့ဝင်တွေက
ဒီလ ၂၄ရက်နေ့ နံနက် ၁၀ နာရီမှာ နေပြည်တော် ပြည်ထောင်စု ကော်မရှင်ရုံးကို
ခေါ်ပြီး တော့ သတိပေးတာပါ။ ”
ဦးဇော်အေးမောင်က ဆက်လက်ပြီး “ ဥက္ကဌ ဦးတင်အေး ပြောတဲ့ အထဲမှာ
သတိပေးချက်အချက် (၃)ချက် ပါတယ်။ နံပါတ်(၁) အချက်က ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီက မသီတာထွေး ဓါတ်ပုံနဲ့ ပြက္ခဒိန် ထုတ်တယ်။ အဲဒါက
ဘာရည်ရွယ်ချက်နဲ့ ထုတ်သလဲပေါ့။ ဒုတိယ နံပတ် (၂) အချက်က ဒီဇင်ဘာလ ၃၁
ရက်နေ့မှာ ရခိုင်ပြည် အချုပ်အခြာ အာဏာကျဆုံး တဲ့နေ့ အခမ်းအနား ကျင်းပ
ပြုလုပ်မယ့် အစီအစဉ်ကို ကြားတဲ့ အတွက် ဒို့တာဝန် အရေး(၃) ပါးကို
ထိခိုက်အောင် လုပ်တာ ဟုတ်မဟုတ် ဖြေရှင်းချက် ပေးဖို့ တောင်းပါတယ်။ တတိယ
အချက်ကတော့ ကျွန်တော်တို့ ပါတီက ထုတ်တဲ့ တိုးတက်ရေး သတင်းလွှာမှာ ပါတဲ့
ဆောင်းပါး သတင်းခေါင်းစဉ် တစ်ခုမှာ မူဆလင် ဘာသာဝင် တွေကို ထိခိုက်တဲ့
စကားလုံး အသုံးအနှုန်းတွေ ပါတယ်ဆိုပြီးတော့ မြန်မာ မူဆလင် အဖွဲ့ချုပ်
ခေါင်းဆောင် ဟာဂျီ ဦးလှဝင်းက လက်မှတ် ရေးထိုးပြီးတော့
သမ္မတရုံးကိုတိုင်ထားတယ်။ အဲဒါကြောင့် ပြည်ထဲရေးဝန်ကြီးနဲ့
သမ္မတရုံးကခေါ်ယူပြီးတော့ ဖြေ ရှင်းချက်ပေးပါလို့ ပြောပါတယ်။ အဲဒီ
အချက်တွေအပေါ်မှာ ခိုင်မာတဲ့ ဖြေရှင်းချက် မရှိရင်တော့ ဥပဒေအရ အရေး
ယူမယ်လို့ ပြောပါတယ်” ဟု ဆိုသည်။
အဆိုပါ အချက်များနှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်ကို
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ပါတီဥက္ကဌ
ဒေါက်တာအေးမောင်ယခုလို ရှင်းပြခဲ့သည်ဟု ဦးဇော်အေးမောင်က ပြောသည်။
“ကျွန်တော်တို့ဥက္ကဌ ဒေါက်တာအေးမောင်က ဘယ်လိုဖြေရှင်းခဲ့လည်းဆိုတော့
ဒေါ်သီတာထွေးဟာ အသက် ဆုံးသွားပြီး ဖြစ်တယ်။ ဒီအပေါ်မှာ သူ့မိဘတွေက
ဒေါ်သီတာထွေး နာမည်နဲ့ ကျောင်း တစ်ကျောင်း လှူချင်တယ်။ အဲသလို
လှူခြင်းအားဖြင့် သူလည်းကောင်းရာ သုကတိသို့ ရောက်သွားမှာ ဖြစ်တယ်။
ဒေါ်သီတာထွေး တက်ခဲ့တဲ့ ကျောင်းကိစ္စနဲ့ ပညာရေးဝန်ကြီးကို
ဒေါက်တာအေးမောင်တို့ တင်ပြတဲ့ အခါ ကိစ္စမရှိဘူးလို့ ပြောတယ်။ အဲဒါကြောင့်
သမ္မတ ဆီသွားပြီးတော့ သမ္မတကို တင်ပြတဲ့အခါ သမ္မတက အလှူငွေတချို့ ပေးပါတယ်။
ဒါပေမဲ့ ကျောင်းဆောက်ဖို့ မလုံ လောက်တဲ့အတွက်နဲ့ သီတာထွေး အဖေအမေနဲ့
သွားဆွေးနွေးတဲ့ အခါမှာ သီတာထွေး မသေဆုံးခင် သီလရှင် အ၀တ်နဲ့
ရိုက်ခဲ့တဲ့ပုံ၊ သူ ၅တန်း ၆တန်းတုန်းက ရိုက်ခဲ့တဲ့ပုံ၊
အဲဒီဓါတ်ပုံတွေနဲ့ထုတ်ဖို့ သီတာထွေး အဖေအမေ တွေက အကြံပြုချက် အရ
ကျွန်တော်တို့ CEC အဖွဲ့က ဆုံးဖြတ်ချက်တခုယူပြီးတော့ ရံပုံငွေ ရှာဖွေရေး
လုပ်ကြ တာပါ။ ခေါင်းစဉ် ကိုယ်တိုင်က သီတာထွေးအထိမ်းအမှတ်
ကျောင်းဆောင်ဖြစ်မြောက်ရေး ရံပုံငွေ ဆိုပြီးတော့ ပါပါတယ်။ ပြက္ခဒိန် တခုကို
ကျပ် ၅၀၀နဲ့ရောင်းတာပါ။ အဲလို ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ ပြဿနာ
ထပ်ဖြစ်ပွားအောင်အတွက် လုပ်တာ မဟုတ်ဘူးလို့ ရှင်းပြခဲ့ပါတယ်” ဟုပြောသည်။
ရခိုင်ပြည် အချုပ်အချာ အာဏာ ကျဆုံးနေ့နှင့် ပတ်သက်ပြီး ဗဟိုကော်မီတီဝင် ဒေါ်အေးနုစိန်က ယခုလို ရှင်းပြခဲ့ကြောင်း သူမက ယခုလို ပြောသည်။
“ ဒီကိစ္စဟာ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ပြိုကွဲအောင် လုပ်တာ
မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ အေးအတူ ညီမျှ ၀ါဒ တူကြမယ်။ ၀ါဒဖြူ
စင်ကြမယ်ဆိုပြီးတော့ မြန်မာနိုင်ငံအမျိုးသား သီခြင်းမှာ ပါတယ်။ ဒီအတွက်နဲ့
မြန်မာ နိုင်ငံသားတွေက သီပေါ ဘုရင်ကို လွမ်းဆွတ် ပိုင်ခွင့် ရှိသလို
ကျွန်မတို့ အနေနဲ့လည်း ရခိုင်တို့ရဲ့ နောက်ဆုံး ဘုရင် ဖြစ်တဲ့
မဟာသမ္မတမင်းကို လွမ်းဆွတ် ပိုင်ခွင့် ရှိတယ်။ ခွင့်တူ ညီမျှ မဟုတ်ဘူးလား။
အဲဒီ အတွက်နဲ့ အကျွန်တို့က ပြည်ထောင်စု စည်းလုံး ညီညွတ်မှုကို ပျက်ပြားအောင်
လုပ်တာ မဟုတ်ဘူး။ တိုင်းရင်းသားတွေ စုစည်းလုံးမှုကို အပြုသဘောနဲ့
လုပ်တယ်လို့ ပြောပြခဲ့ပါတယ်” ဟုဆိုသည်။
ဦးဇော်အေးမောင်ကလည်း “ မူဆလင်ဘာသာကို စော်ကားတဲ့ ဆောင်းပါးကို
နောက်နောင် မဖြစ်အောင် ကျွန် တော်တို့ ထိန်းသိမ်း သွားမယ်လို့
ရှင်းပြခဲ့ပါတယ်။ ပြီးရင် သီတာထွေး ကိစ္စနဲ့လည်း ပြောပြခဲ့ပါတယ်။ သီတာထွေး
မိသားစုကပြောပြချက်အရ သီတာထွေးဟာ မကျွတ်မလွတ်သေးဘဲ ရှိနေတယ်။ အဲဒီအပေါ်မှာ
သီတာထွေးရုပ်ပုံ နဲ့ပြက္ခဒိန်ထုတ်လိုက်တဲ့ အားဖြင့် သူ့ရဲ့ အလှူ
ဖြစ်သွားပါတယ်။ သီတာထွေး ကိုယ်စား ကျွန်တော်က ဘယ်လောက် ဘဲငွေလှူလှူ
သူ့အနေနဲ့က အလှူဒါန်း အပြည့်အ၀ မရဘူး။ အဲဒါကြောင့် သီတာထွေးကိုစား
သီတာထွေးဓါတ်ပုံနဲ့ ရုပ်ပုံ ထုတ်လိုက်တဲ့ အတွက် ရတဲ့ငွေနဲ့
ကျောင်းဆောက်တာဟာ ကြီးမြတ်တဲ့ အလှူဖြစ်တဲ့အတွက် သီတာထွေးဟာ အကျွတ်
ရသွားမယ်လို့ သူ့အမေတို့ ဘက်ကယူဆထားတဲ့ အတွက်ကြောင့် ကျွန်တော်တို့က
ပြုလုပ်တာဖြစ်တယ်လို့ ရှင်းပြပါတယ်” ဟုပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ခေါ်ယူ သတိပေးရာသို့
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှာ ဒေါက်တာ အေးမောင်၊
ဦးဇော်အေးမောင်၊ ဦးဘရှိန်၊ ဦးမြင့်နိုင်၊ ရှေ့နေမကြီး ဒေါ်အေးနုစိန်တို့
တက်ရောက်ခဲ့သည်ဟု သိရသည်။
သတိပေး မေးမြန်းရာတွင် တခြား ပါတီနှစ် ခုဖြစ်သည့် ရခိုင်ပြည်နယ်
အမျိုးသား အင်အားစုနဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ ချုပ်တို့ကိုလည်း
သက်သေအဖြစ်ခေါ်ယူ ထားသည်ဟုသိရသည်။ ခေါ်ယူသတိပေးမူကို နံနက် ၁၀နာရီမှ ၁၂ရီမှာ
ထိပြုလုပ်ခဲ့သည်။
0 comments:
Post a Comment