ဖျာစုတ် ဖျာဆွေးကြီးတချပ်ကို ဆွဲလှပ်လိုက်သလို ...
ဒေါက်တာလွဏ်းဆွေ
လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားက နှစ်ပေါ် ၅၀ ကျော် မိုးထဲ ရေထဲ လေထဲမှာ မြေကြီးပေါ် ပစ်ထားခံခဲ့ရတဲ့ ဖျာစုတ် ဖျာဆွေးကြီးတချပ်ကို ဆွဲလှပ်လိုက်သလိုပါပဲ။ လှပ် လှပ်ချင်း ဖျာစုတ် ဖျာဆွေးကြီး ဖိထားတဲ့အောက်က ပိုးမွှားပေါင်းစုံ ဝေါကနဲ တိုးထွက်လာသလို နှစ်ပေါင်း ၅၀ ကျော်ကြာ စစ်အာဏာရှင်စနစ်ဆိုးနှစ်ဆက်အာက်မှာ ဖိနှိပ်ခံထားခဲ့ရတဲ့ ပြဿနာတွေ တမဟုတ်ချင်း ကြွထလာတဲ့ အခြေအနေပါပဲ။ တခုပြီး တခု ရှင်းလို့ကိုမနိုင်ဆိုတဲ့ အနေအထားပါပဲ။
ဒီအခြေအနေမှာ ဒီမိုကရေစီခေါင်းဆောင်ပိုင်းက ပုဂ္ဂိုလ်တွေရဲ့ အနေအထားကို ခန့်မှန်းရတာက ပြဿနာတခုချင်းကို လိုက်မရှင်းတော့ဘဲ (ပြဿနာတွေကို ကိုယ်နဲ့မဆိုင်သလို နေထိုင်ပြုမူရင်း) အာဏာပိုင်တွေ မငြိုငြင်အောင် ငြိမ်ငြိမ်လေးနေပြရင်း၊ အာဏာပိုင်နဲ့ ပူးပေါင်းဆောင်ရွက်ရင်း၊ ဘာမှန်းမသိ မရေရာ မသေချာတဲ့ ၂၀၁၅ ရွေးကောက်ပွဲ ဆိုတာကြီးကို မျှော်လင့်ရင်း အနိုင်ရလို့ ရှင်းနိုင်တဲ့ အနေအထားရောက်မှ ရှင်းမယ်ဆိုတဲ့ စိတ်ကူးယဉ်မှုမျိုးနဲ့ မတုန်မလှုပ် တေမိလုပ်ပြီး စခန်းသွားနေကြပုံရတယ်လို့ ယူဆမိတယ်။
ဒါပေမယ့် လက်ငင်းအခြေအနေမှာ နှစ် ၅၀ ကျော်ကြာ ဖြစ်တည်လာခဲ့တဲ့ ပြဿနာတွေရဲ့ ဖိစီးမှုအ၀၀ကို ကျောကော့အောင် ခံစားနေရတဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူကတော့ ပြဿနာတခုချင်းအလိုက် တောင်းဆိုတိုက်ပွဲဝင်ရင်း ဒီမိုကရေစီဘောင်ကို ရသလောက် တဆင့်ချင်း ချဲ့ထွင်သွားဖို့ တနေ့ပြီးတနေ့ တောင်းဆို တိုက်ပွဲဝင်နေကြတာကို တွေ့ရတယ်။
အဲဒီလို ခေါင်းဆောင်ပိုင်းနဲ့ ပြည်သူလူထုတွေရဲ့ တိုက်ပွဲဝင်မှုပုံစံ သိသိသာသာ ကွဲပြားခြားနားနေမှုဟာ ၂၀၁၅ ရောက်ဖို့ အချိန်ကာလအားဖြင့် ၃ နှစ်ကျော်ကြာ လိုနေသေးတဲ့ အချိန်ကာလအတွင်းမှာ အက်ရာတွေ ပိုပိုဟလာမလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရင်ထိတ်စရာပါပဲ။
ခေါင်းဆောင်ပိုင်းကပုဂ္ဂိုလ်တွ စိတ်ကူးယဉ်သလို ဖျာစုတ် ဖျာဆွေးကြီကို တဖြေးဖြေးချင်း လှဲကျင်းသွားရင်း သန့်စင်အောင် လုပ်လို့ရနိုင်မလား၊ မီးရှို့ပစ်ပြီး အသစ်ခင်းကျင်းမှ အဆင်ပြေလေမလား ဆိုတာကတော့ လက်ငင်းအခြေအနေမှာ ဒုက္ခအ၀၀ကို ခါးစည်းခံနေရတဲ့ မြန်မာပြည်သူလူထု ဘယ်အချိန်ကာလအထိ ဆက်သည်းခံနိုင်မလဲဆိုတဲ့အပေါ် မူတည်မယ်လို့ ထင်မိရဲ့။
အားလုံးသို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ
0 comments:
Post a Comment